top of page
Logo-Icon.png

အာဂျင်တီးနား ဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ အမျိုးသားလက်ရွေးစင်အသင်းမှ အနားယူကြောင်းတရားဝင်ကြေညာ

Sep 1
1 min read

ဗျူနိုအဲရိစ် ၊ စက်တင်ဘာ ၁ ၊ Horizons Sports



အာဂျင်တီးနား ဘောလုံးလောက၏အထင်ကရအကျော်အမော် လီယွန်နယ်မက်ဆီသည် နိုင်ငံအသင်းနှင့်အတူ နှစ်ပေါင်း (၂၀) ကျော်ကြာ ဖြတ်သန်းခဲ့သည့်လက်ရွေးစင်ကစားသမားဘဝ ခရီးလမ်းကိုအဆုံးသတ်ကာ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးမှ အပြီးအပိုင်အနားယူတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။



မက်ဆီသည်၎င်း၏ နောက်ဆုံးကစားခဲ့ရသည့်ဗိုလ်လုပွဲကြီး ပြီးဆုံးသွားပြီးနောက် အချိန်အတော်ကြာ လေးနက်စွာစဉ်းစားသုံးသပ်ခဲ့ပြီးမှသာယခုကဲ့သို့ ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အသင်းမှထွက်ခွာရခြင်းမှာ မိမိအတွက်အလွန်နာကျင်စရာကောင်းသော်လည်း ယခုအခါတွင် "အချိန်တန်ပြီ" ဆိုသည်ကို နားလည်လက်ခံလိုက်ပြီဖြစ်ကြောင်းရေးသားဖော်ပြခဲ့သည်။


မက်ဆီသည် အာဂျင်တီးနားအမျိုးသား ဂျာစီကို ဝတ်ဆင်ခဲ့ရသည့် နှစ်ကာလများတစ်လျှောက်လုံးတွင်အသင်းအတွက် မိမိ၏အစွမ်းအစအားလုံးကို အပြည့်အဝပေးဆပ်ခဲ့ကြောင်း၊ ၎င်း၏ အဓိကဆုံးရည်ရွယ်ချက်မှာ အာဂျင်တီးနားပြည်သူပြည်သားများကိုပျော်ရွှင်မှုများယူဆောင်လာပေးရန်နှင့် မိမိတို့နိုင်ငံသားဖြစ်ရခြင်းအပေါ် ဂုဏ်ယူဝံ့ကြွားစေရန်ပင်ဖြစ်ခဲ့ကြောင်းဖွင့်ဟပြောကြားခဲ့သည်။


သူ့အတွက်မူ အာဂျင်တီးနားလက်ရွေးစင်အသင်းဆိုသည်မှာ ဘဝ၏အရေးအပါဆုံးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော်ကြာ အတူတကွဖြတ်သန်းလာခဲ့ပြီးနောက် ယခုအချိန်မှစ၍ ကွင်းအတွင်းမှမဟုတ်တော့ဘဲပြင်ပမှနေ၍ အားပေးမည့် ပရိသတ်တစ်ဦးအဖြစ်သာ ရပ်တည်တော့မည်ဖြစ်ကြောင်းဆိုသည်။ “အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ရှိနေရတာကို ချစ်ခဲ့တယ်၊ အခုလည်း ချစ်နေဆဲဖြစ်ပြီး အမြဲတမ်း ချစ်နေမှာပါ” ဟု ၎င်း၏ခံစားချက်ကို ရင်ဖွင့်ဖော်ပြခဲ့သည်။


ထို့အပြင် နိုင်ငံအသင်းနှင့်အတူအတိတ်ကာလများက ခက်ခဲပျော်ရွှင်မှုများကိုအတူတကွ ဖြတ်သန်းခဲ့ကြဖူးသောနည်းပြကောင်းများ၊ အသင်းဖော် ရဲဘော်ရဲဘက်များနှင့်အသင်းခေါင်းဆောင်ဟောင်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သလို၊ ရှည်လျားပြီး ခက်ခဲလှကာ လှပသည့် ဤဘောလုံးခရီးလမ်းတစ်လျှောက်လုံးတွင် အမြဲတမ်း အနားမှာရှိနေပေးခဲ့ကြသည့် မိသားစုကိုလည်း အထူးကျေးဇူးတင်ကြောင်းရေးသားထားသည်။


“အာဂျင်တီးနားနိုင်ငံသား ဖြစ်ခွင့်ရခဲ့တဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု မက်ဆီက ၎င်း၏ နောက်ဆုံး ရေးသားချက်တွင်ထည့်သွင်းဖော်ပြခဲ့ပြီး “Vamos Argentina!” ဆိုသည့် ကြွေးကြော်သံဖြင့် အာဂျင်တီးနားအသင်းကို ဆက်လက်၍အားပေးသွားမည် ဖြစ်ကြောင်းဖော်ပြခဲ့သည်။


အဆိုပါ ကြေညာချက်ကိုနောက်ဆုံး ဗိုလ်လုပွဲ ပြီးဆုံးပြီးနောက် (၂) ရက်အကြာ ဇူလိုင်လ (၂၁ ရက်) ရက်နေ့ကတည်းက ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ဖခင်ဖြစ်သူနှင့် သေချာစွာဆွေးနွေးတိုင်ပင်ပြီးနောက် ဤဆုံးဖြတ်ချက်အပေါ် ပိုမို ခိုင်မာလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


လီယွန်နယ် မက်ဆီ၏နိုင်ငံအသင်းမှ အနားယူမှုသည် အာဂျင်တီးနားဘောလုံးသမိုင်းတွင်ခမ်းနားလှသော အခန်းကဏ္ဍကြီးတစ်ခုကို အဆုံးသတ်လိုက်ခြင်းပင် ဖြစ်ပေသည်။


သို့သော်လည်း သူ၏ အမွေအနှစ်များနှင့် မှတ်တမ်းများသည်ဆုဖလားများနှင့် သွင်းဂိုးများထက် ပိုမိုကာ အာဂျင်တီးနား ဂျာစီအတွက် မည်သည့်အခါမျှ မလျှော့သော ကြိုးစားအားထုတ်မှုများ၊ ပရိသတ်များ၏ရင်ထဲတွင် ထာဝရ စွဲထင်ကျန်ရစ်မည့် အမှတ်တရများအဖြစ် ဆက်လက်တည်ရှိနေမည်သာဖြစ်သည်။


ကွင်းတွင်း ခရီးလမ်း တစ်ရပ် ပြီးဆုံးသွားခဲ့သော်လည်း အာဂျင်တီးနား ပရိသတ်များ၏နှလုံးသားထဲတွင် မက်ဆီ၏ ဘောလုံးဇာတ်လမ်းက ထာဝစဉ်ရှင်သန်နေဦးမည် ဖြစ်ပေသည်။


(Photo - Instagram)





Comments


bottom of page