အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားခြေစမ်းပွဲများတွင် မက်ဆီ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း နည်းပြ စကယ်လိုနီ ပြောကြား
- Horizons News

- Jun 6
- 1 min read
ဗျူနိုအေးရိစ်၊ ဇွန် ၆

အမေရိကန်ပြည်ထောင်စု၊ ကင်းဆက်စ်စီးတီးရှိ Sporting KC လေ့ကျင့်ရေးစင်တာတွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော အာဂျင်တီးနားအသင်း၏ လေ့ကျင့်ရေးအစီအစဉ်၌ လီယွန်နယ်မက်ဆီအား တွေ့ရစဉ်
မကြာသေးမီက ကြွက်သားဒဏ်ရာ ရရှိခဲ့သော လီယွန်နယ်မက်ဆီသည် လက်ရှိတွင် ဒဏ်ရာမှ ကောင်းစွာ သက်သာလာပြီဖြစ်ပြီး အာဂျင်တီးနားအသင်း၏ နောက်ဆုံး ကမ္ဘာ့ဖလား ခြေစမ်းပွဲစဉ်များတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း နည်းပြ လီယွန်နယ် စကယ်လိုနီက သောကြာနေ့တွင် ပြောကြားလိုက်သည်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဖီလာဒဲလ်ဖီးယား ယူနီယံအသင်းကို ၆-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သော အင်တာမိုင်ယာမီအသင်း၏ မေဂျာလိဂ် (MLS) ပွဲစဉ်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ၎င်း၏ ကြံ့ခိုင်မှုအခြေအနေအပေါ် ပရိသတ်များအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။
လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားမတိုင်မီ ၎င်းတို့၏ နောက်ဆုံးခြေစမ်းပွဲစဉ်များအဖြစ် စနေနေ့တွင် တက္ကဆက်ပြည်နယ်၌ ဟွန်ဒူးရပ်စ်အသင်းနှင့် လည်းကောင်း၊ အင်္ဂါနေ့တွင် အယ်လာဘားမားပြည်နယ်၌ အိုက်စလန်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
"လီယို (မက်ဆီ) ရဲ့ အခြေအနေက ကောင်းမွန်နေပါတယ်။
သူဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ် တချို့မှာ ပါဝင်လေ့ကျင့်နေပြီဖြစ်ပြီး ဒါဟာ အရေးကြီးတဲ့ တိုးတက်မှုပါပဲ။
အရင်လို သီးသန့်ခွဲပြီး လေ့ကျင့်နေရတာမျိုး မရှိတော့ပါဘူး" ဟု အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နည်းပြ စကယ်လိုနီက ပြောကြားခဲ့သည်။
ထို့အပြင် မက်ဆီအနေဖြင့် များစွာ တိုးတက်ကောင်းမွန်လာပြီး ခြေစမ်းပွဲများတွင် မိနစ်အနည်းငယ်ခန့် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်ပွဲစဉ်တွင် ပါဝင်မည်ကိုမူ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သော်လည်း ယခုကဲ့သို့ သက်သာလာခြင်းက အသင်းအတွက် စိတ်အေးရစေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
မက်ဆီသည် ၎င်း၏ ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး၊ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို လူစာရင်းတွင် ရွေးချယ်ထားကြောင်း ပြောကြားခဲ့သည့် အဖြစ်အပျက်ကိုလည်း စကယ်လိုနီက ပြန်လည်ပြောပြခဲ့သည်။
၎င်းက မက်ဆီထံ စာပို့ခဲ့ရာ မက်ဆီက လူစာရင်းတွင် ပါဝင်ခြင်း ရှိမရှိကို စောင့်ကြည့်မည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ထိုအခါ မိမိက သူ့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ပြောပြခဲ့ရသည်ဟု စကယ်လိုနီက ပြုံးလျက် ပြောကြားခဲ့သည်။
သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသော မက်ဆီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ခေါင်းဆောင်ကာ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းသည် အုပ်စု (J) တွင် ပါဝင်နေပြီး ၎င်းတို့၏ ချန်ပီယံဆု ကာကွယ်မည့် ခရီးစဉ်အစအဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် အယ်လ်ဂျီးရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ထို့နောက် သြစတြီးယား၊ ဂျော်ဒန်အသင်းတို့နှင့် ဆက်လက် ကစားသွားမည်ဖြစ်သည်။



Comments