အုပ်စုနောက်ဆုံးပွဲစဉ်ရလဒ်များ - အမေရိကန် ရှုံးသော်လည်း နောက်တစ်ဆင့်တက်ပြီး သြစတြေးလျ သရေကျကာ ရှုံးထွက်အဆင့်သို့ တက်လှမ်း
- Horizons News

- Jun 26
- 1 min read
ဇွန် ၂၆ ၊ Horizons

တူရကီ ၃-၂ အမေရိကန်
တူရကီနှင့် အမေရိကန်တို့၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးများ၊ တိုက်စစ်ဆင်မှုများဖြင့် ပရိသတ်ကို ရင်ခုန်စေခဲ့ပြီး ပွဲအပြီးတွင် တူရကီအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တူရကီအသင်းသည် ပွဲအစပိုင်းကတည်းက တိုက်စစ်အရှိန်မြှင့် ကစားခဲ့ပြီး ရရှိလာသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချနိုင်ခဲ့သည်။ အမေရိကန်အသင်းကလည်း နောက်ကလိုက်ကာ နှစ်ကြိမ်တိုင်တိုင် ချေပဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ခံစစ်ပိုင်း အားနည်းချက်များကြောင့် ပွဲသိမ်း အဆုံးအဖြတ်ဂိုးကို ခွင့်ပြုပေးခဲ့ရသည်။
သို့သော်လည်း ယခုပွဲစဉ်ရလဒ်အရ တူရကီအသင်းသည် နိုင်ပွဲရရှိခဲ့သော်လည်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပြီး၊ အမေရိကန်အသင်းကမူ ယနေ့ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ယခင်ရရှိထားသော ရမှတ်များ လုံလောက်မှုရှိသည့်အတွက် အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
ပါရာဂွေး ၀-၀ သြစတြေးလျ
အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ပါရာဂွေးနှင့် သြစတြေးလျတို့၏ ပွဲစဉ်တွင်မူ နှစ်သင်းစလုံး အမှားမခံနိုင်သည့် အနေအထားဖြစ်သဖြင့် အပြန်အလှန် သတိထား ထိန်းချုပ်ကစားသွားခဲ့ကြသည်။
ပါရာဂွေးအသင်းက ဘောလုံးပိုင်ဆိုင်မှုနှင့် ကွင်းလယ်ကို အသာစီးရယူကာ တောင်ပံတိုက်စစ်များဖြင့် ဖိအားပေးခဲ့သလို၊ သြစတြေးလျကလည်း စနစ်ကျသော ခံစစ်နှင့် မြန်ဆန်သည့် တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့သည်။ နှစ်သင်းစလုံး တိုက်စစ်အခွင့်အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဂိုးသမားများ၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် ပွဲအပြီးတွင် ဂိုးမရှိ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ယခု သရေရလဒ်ကြောင့် သြစတြေးလျအသင်းသည် လိုအပ်သော ရမှတ်ကို ရယူကာ အုပ်စုအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပါရာဂွေးအသင်းအတွက်မူ အုပ်စုအဆင့်ကို နိုင်ပွဲမရှိဘဲ အဆုံးသတ်ခဲ့ရသော်လည်း၊ အကောင်းဆုံး အုပ်စုတတိယနေရာရ (၈) သင်းစာရင်းတွင် ပါဝင်ခွင့် ရ၊ မရကိုမူ အခြားအုပ်စုများ၏ ရလဒ်များအပေါ် မူတည်၍ ဆက်လက်စောင့်ကြည့်ရမည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။



Comments