top of page
Logo-Icon.png

အိမ်ဖြူတော်တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တရားဝင် UFC ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲ ကျင်းပမည်

ဇွန် ၈ ၊ Horizons



အမေရိကန်နိုင်ငံ၏ အထင်ကရ သမိုင်းဝင်အဆောက်အအုံဖြစ်သော အိမ်ဖြူတော် (White House) တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် UFC ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။


 "UFC Freedom 250" ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို အိမ်ဖြူတော်၏ တောင်ဘက်မြက်ခင်းပြင် (South Lawn) တွင် ကျင်းပမည်ဖြစ်ကြောင်း UFC နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင် အတည်ပြုထားသည်။


 အဆိုပါ ထူးခြားသော ပြိုင်ပွဲသည် အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်း (၂၅၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ပြီး UFC သမိုင်းတစ်လျှောက်တွင် အထူးခြားဆုံးသော ပွဲစဉ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။


ပြိုင်ပွဲ၏ အဓိကခေါင်ပွဲ (Main Event) အဖြစ် အီလီယာ တိုပူရီးယား (Ilia Topuria) နှင့် ဂျပ်စတင် ဂိတ်ဂျီ (Justin Gaethje) တို့၏ လိုက်ဝိတ်တန်း (Lightweight) ချန်ပီယံလုပွဲကို ထည့်သွင်းထားပြီး၊ တွဲဖက်ခေါင်ပွဲ (Co-Main Event) အနေဖြင့် အဲလက်စ် ပယ်ရဲရား (Alex Pereira) နှင့် ဆီရယ်လ် ဂိန်း (Ciryl Gane) တို့က ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။


 ယင်းပြိုင်ပွဲအတွက် အထူးဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသော အောက်တဂွန် (Octagon) သံဇကာကြိုးဝိုင်းကို အိမ်ဖြူတော် မြက်ခင်းပြင်ပေါ်တွင် နေရာချထားမည်ဖြစ်ကာ အထူးဖိတ်ကြားထားသူ ဧည့်သည်တော် ၄,၀၀၀ ကျော် တက်ရောက်ကြည့်ရှုနိုင်မည်ဟု သိရသည်။


အိမ်ဖြူတော်ကဲ့သို့ အရေးပါသောနေရာတွင် ကျင်းပမည်ဖြစ်သောကြောင့် ပြိုင်ပွဲ၏ လုံခြုံရေးအစီအမံများကို အမေရိကန်၏ အကြီးမားဆုံး အားကစားပွဲဖြစ်သည့် Super Bowl လုံခြုံရေးအဆင့်အတန်းနီးပါး တင်းကျပ်စွာ စီစဉ်ထားကြောင်း သတင်းများက ဖော်ပြသည်။


 သို့သော်လည်း နိုင်ငံရေး၏ အချက်အချာနေရာနှင့် အားကစားပွဲကို ယခုကဲ့သို့ ပေါင်းစပ်ကျင်းပမှုအပေါ် ဝေဖန်ပြောဆိုမှုများ မြင့်တက်နေသည့်အပြင် ဥပဒေရေးရာ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရှိရသည်။

Comments


bottom of page