အာရှတစ်လွှားရှိ စာမေးပွဲများတွင် AI မျက်မှန်များအသုံးပြု၍ ခိုးချမှုများ မြင့်တက်လာသဖြင့် ပညာရေးလောက စိုးရိမ်
- Horizons News

- Jun 27
- 1 min read
နိုင်ငံတကာ ၊ ဇွန် ၂၇ ၊ Horizons

တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့အပါအဝင် အရှေ့အာရှနိုင်ငံများရှိ စာမေးပွဲများတွင် ကျောင်းသားများသည် အဆင့်ကောင်းများရရှိရန်အတွက် နောက်ဆုံးပေါ် AI နည်းပညာသုံး စမတ်မျက်မှန် (AI Glasses) များကို အသုံးပြု၍ ခိုးချမှုများ ပြုလုပ်လာကြသောကြောင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
မကြာသေးမီက တောင်ကိုရီးယားနိုင်ငံရှိ အလုပ်အကိုင်ရွေးချယ်ရာတွင် အသုံးပြုလေ့ရှိသော အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုနှင့် ထိုင်ဝမ်ရှိ ထိပ်တန်းဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲတို့တွင် မျက်မှန်မှ အပူငွေ့ထွက်နေသည်ကို စာမေးပွဲစောင့်ဆရာများက သတိထားမိရာမှ AI မျက်မှန်ကို အသုံးပြု၍ ခိုးချနေသည့် ကျောင်းသားများကို ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုကဲ့သို့ စာမေးပွဲစည်းမျဉ်းများကို တင်းကျပ်ရန် ပညာရေးလောကမှ အပြင်းအထန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။
အဆိုပါ AI စမတ်မျက်မှန်များသည် စာမေးပွဲမေးခွန်းများကို ဖတ်ရှုကာ ချိတ်ဆက်ထားသော AI များမှတစ်ဆင့် အဖြေများကို မျက်မှန်မှန်ဘီလူးပေါ်တွင် ပြသပေးနိုင်စွမ်းရှိပြီး၊ Meta ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများက ဈေးကွက်အတွင်း တွင်ကျယ်စွာ ရောင်းချလာမှုကြောင့် ပိုမိုပါးလွှာကာ လူသိမသာသည့် ဒီဇိုင်းများဖြင့် အလွယ်တကူ ဝယ်ယူအသုံးပြုလာနိုင်ကြသည်။

တရုတ်နိုင်ငံတွင် ကျောင်းသား ၁၀ သန်းကျော် ဖြေဆိုသည့် နှစ်စဉ်ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Gaokao) တွင်လည်း မျက်မှန်အားလုံးကို စစ်ဆေးရန် အာဏာပိုင်များက ညွှန်ကြားခဲ့ရသလို၊ ယူကေနိုင်ငံကလည်း အလားတူ သတိပေးမှုများ ထုတ်ပြန်ထားရသည်။
ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (HKUST) မှ သုတေသီများက အဆိုပါ AI မျက်မှန်များကို လက်တွေ့စမ်းသပ်ခဲ့ရာတွင် ကျောင်းသား ၁၀၀ ကျော်ရှိသည့် အတန်း၌ ပျမ်းမျှရမှတ် ၇၂ မှတ်သာရှိသော်လည်း AI မျက်မှန်အသုံးပြုသူမှာ ထိပ်ဆုံး ၅ ဦးစာရင်းဝင်သည်အထိ အဆင့်မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။
ဤကဲ့သို့ AI နည်းပညာများ လျင်မြန်စွာ တိုးတက်လာမှုကြောင့် ပညာရေးစနစ်တွင် စာမေးပွဲစစ်ဆေးခြင်းနှင့် သင်ကြားရေးပုံစံများကို အမြန်ဆုံး ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက ထောက်ပြထားကြသည်။
သို့သော်လည်း ဟောင်ကောင်ပညာရေးတက္ကသိုလ်မှ ပါမောက္ခ ကောင်ဆီချောင် ကမူ AI နည်းပညာကို လုံးဝပိတ်ပင်တားမြစ်ခြင်းထက် ကျောင်းသားများအနေဖြင့် AI အပေါ် လုံးဝမှီခိုသွားခြင်းမျိုး မဖြစ်စေရန် ၎င်းတို့၏ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးမည့် ပညာရေးစနစ်မျိုးကို ပြောင်းလဲအကောင်အထည်ဖော်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
(ကိုးကား - CNN )



Comments