အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အာရက္ခဒေသမှာ သွေးလွန်တုပ်ကွေးလူနာ ၃၀ ကျော်ရှိလို့ အသိပေး
- Horizons News

- Jun 11
- 1 min read
ရခိုင်၊ ဇွန် ၁၁ ၊ Horizons

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးလူနာ ၃၀ ကျော် ရှိလာတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီနေ့နေ့စွဲနဲ့ အသိပေးထုတ်ပြန်လာပါတယ်။

ပထမဦးဆုံးသွေးလွန်တုပ်ကွေးလူနာကို ပြီးခဲ့တဲ့ ဧပြ ၂၈ ရက်မှာ အာရက္ခပြည်မှာ စတင်တွေ့ရှိခဲ့တာလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပေးပါတယ်။ လက်ရှိအချိန်မှာ ရမ်းဗြဲ၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ မြိုနယ်တွေမှာ သွေးလွန်တုပ်ကွေးလူနာ ၃၃ ဦးကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က အာရက္ခပြည်နယ်မှာ သွေးလွန်တုပ်ကွေးလူနာ ၂,၄၅၂ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူက ရှစ်ဦးအထိ ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ရောဂါကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ စက်ကိရိယာများနဲ့ အကောင်းဆုံးကြို တင်ပြင်ဆင်ထားတယ်လို့ အသိပေးပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလဒုတိယပတ်ကစတင်ပြီး သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဌာနပေါင်းစုံ ပါဝင်တဲ့ မြို့နယ်၊ တိုက်နယ်အဆင့် အသိပေးဆွေးနွေးညှိနှိုင်းခြင်းလုပ်ငန်းများကို ပြုလုပ်ပြီး ရောဂါအကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ဗီနိုင်တွေ စိုက်ထူခြင်း၊ တစ်အိမ်ဝင် တစ်အိမ်ထွက် “ ဖုံး/သွန်/လဲ/စစ်” လုပ်ငန်းများကို သရုပ်ပြပြုလုပ်ခြင်း၊ Abate ခြင်လောက်လန်း ဆေးခတ်ခြင်းတွေကို လုပ်ဆောင်ထားတယ်လို့ အာရက္ခ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဖော်ပြပါတယ်။



Comments