top of page
Logo-Icon.png

အဂတိလိုက်စားမှုနှင့် သွင်းကုန်ကန့်သတ်ချက်များကြောင့် သီလဝါဇုန်အပါအဝင် ပြည်တွင်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းနေရ

ရန်ကုန်၊ ဇွန် ၁၄ ၊ Horizons



နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ (FESC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ သွင်းကုန်လိုင်စင် စိစစ်ခွင့်ပြုမှု တင်းကျပ်ထားခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ပြည်တွင်းရှိ စက်ရုံအလုပ်ရုံအများအပြားမှာ ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းနေရကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံမှ သိရသည်။


လက်ရှိတွင် အာဏာပိုင်များက ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန် ရက် ၁၀၀ စီမံချက်ဖြင့် စက်သုံးဆီနှင့် မရှိမဖြစ်လိုအပ်သော ကုန်စည်များကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုနေသည့်အတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံထားသော တိုယိုတာ၊ ဆူဇူကီးနှင့် ကူဘိုတာ အပါအဝင် ဂျပန်နှင့် ထိုင်းနိုင်ငံစုံကုမ္ပဏီကြီးများ၏ စက်ရုံများမှာပါ ကုန်ထုတ်လုပ်မှု ဆက်လက်လည်ပတ်ရန် ရုန်းကန်နေရပြီး အချို့မှာ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသည်။


ထို့အပြင် CMP အထည်ချုပ်လုပ်ငန်းများကိုလည်း ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့မှစတင်ကာ သွင်းကုန်လိုင်စင် လျှောက်ထားပြီးမှသာ ကုန်ကြမ်းတင်သွင်းခွင့်ပြုမည်ဟု လုပ်ထုံးလုပ်နည်း ရုတ်တရက် ပြောင်းလဲလိုက်ရာ စည်းမျဉ်းသစ်မတိုင်မီ ကတည်းက မှာယူထားပြီး ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် ကုန်ကြမ်းများကို ထုတ်ယူ၍မရတော့ဘဲ အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။


 ယင်းကဲ့သို့ သွင်းကုန်လိုင်စင်ရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေ လုံလောက်စွာ ချထားမပေးခြင်းတို့ကြောင့် သီလဝါဇုန်အပါအဝင် ပြည်တွင်းစက်မှုဇုန်များရှိ စက်ရုံစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ ရပ်ဆိုင်းထားရမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရှိရသည်။


ယခုကဲ့သို့ အကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် FESC ဥက္ကဋ္ဌ ဒုသမ္မတ ဦးညိုစော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့၏ တာဝန်ရှိသူအချို့သည် လာဘ်ပေးလာဘ်ယူ ပြုလုပ်နိုင်သူများနှင့် ဆွေမျိုးသားချင်းများကိုသာ သွင်းကုန်လိုင်စင်များ ဦးစားပေးချထားပေးနေကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြထားသည်။


အထူးသဖြင့် နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးပေးရသည့် ဒုဝန်ကြီး ဦးမင်းမင်းနှင့် ၎င်း၏လက်အောက်ရှိ ညွှန်ကြားရေးမှူးအဆင့် တာဝန်ရှိသူအချို့သည် ပို့ကုန်သွင်းကုန်အေးဂျင့်များထံမှ လိုင်စင်တစ်စောင်လျှင် ငွေကြေးအမြောက်အမြား တောင်းခံကာ နီးစပ်ရာအစုအဖွဲ့များကိုသာ လိုင်စင်ထုတ်ပေးနေခြင်းကြောင့် အရေးပေါ် ကုန်ကြမ်းလိုအပ်နေသည့် လုပ်ငန်းရှင်များမှာ ငွေကျပ်သိန်းရာထောင်ချီ အသုံးပြု၍ လိုင်စင်ရရှိရေး ဆောင်ရွက်နေရပြီး အမှန်တကယ် လည်ပတ်နေသည့် ပြည်တွင်းစက်ရုံများမှာ ပိတ်သိမ်းရမည့်ဘေးနှင့် ရင်ဆိုင်နေရသည်။


Comments


bottom of page