အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးအရ Anthropic ၏ အင်အားအကောင်းဆုံး AI မော်ဒယ်များကို ပိတ်ပင်
- Horizons News

- Jun 13
- 1 min read
ဝါရှင်တန်၊ ဇွန် ၁၃ ၊ Horizons

အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြကာ နာမည်ကြီး AI ကုမ္ပဏီ Anthropic ၏ အင်အားအကောင်းဆုံး မော်ဒယ်များဖြစ်သော Claude Fable 5 နှင့် Claude Mythos 5 တို့ကို ချက်ချင်း အသုံးပြုခွင့်ရပ်ဆိုင်းရန် ဇွန်လ ၁၃ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။
အဆိုပါ ညွှန်ကြားချက်ကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီ ၂၁ မိနစ်တွင် လက်ခံရရှိခဲ့ပြီးနောက် ကုမ္ပဏီက မော်ဒယ်နှစ်ခုလုံးကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း X (Twitter) မှတစ်ဆင့် အတည်ပြုခဲ့သည်။
မူလက နိုင်ငံခြားသားအသုံးပြုသူများကိုသာ ရည်ရွယ်သည့် နည်းပညာတင်ပို့မှုထိန်းချုပ်ရေး (Export Control) အမိန့်ဖြစ်သော်လည်း လက်တွေ့တွင် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူအားလုံးကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အစိုးရ၏ ယင်းဆုံးဖြတ်ချက်အပေါ် မှားယွင်းကြောင်း Anthropic ဘက်က ထုတ်ဖော်ပြောကြားထားသည်။
Claude Mythos 5 သည် ဆော့ဖ်ဝဲလ်များအတွင်းရှိ လုံခြုံရေးအားနည်းချက်များကို ထူးခြားစွာ ရှာဖွေနိုင်စွမ်းရှိသောကြောင့် အများပြည်သူသို့ မဖြန့်ချိဘဲ “Project Glasswing” အစီအစဉ်ဖြင့် Amazon, Apple, Google, Microsoft နှင့် CrowdStrike အပါအဝင် အဖွဲ့အစည်း ၅၀ ခန့်ကိုသာ ထိန်းချုပ်အသုံးပြုခွင့် ပေးထားသည့် မော်ဒယ်ဖြစ်သည်။
တစ်ဖက်တွင် အများပြည်သူအသုံးပြုနိုင်ရန် လွန်ခဲ့သောသုံးရက်ခန့်ကမှ ထုတ်ပြန်ခဲ့သည့် Claude Fable 5 မှာ Mythos 5 ကို အခြေခံထားသော်လည်း အန္တရာယ်မြင့်နယ်ပယ်များတွင် အသုံးမချနိုင်ရန် Guardrails များ ထည့်သွင်းထားကာ Vals AI ၏ စမ်းသပ်ချက်များအရ လက်ရှိတွင် စွမ်းဆောင်ရည်အကောင်းဆုံး မော်ဒယ်တစ်ခု ဖြစ်လာခဲ့သည်။
အစိုးရဘက်က Fable 5 တွင် Jailbreak ပြုလုပ်နိုင်မည့် နည်းလမ်းတွေ့ရှိခဲ့သည်ဟု နှုတ်ဖြင့်သာ ပြောဆိုထားပြီး တိကျသည့် အထောက်အထားများ ပြသနိုင်ခြင်းမရှိကြောင်း Anthropic က ဆိုသည်။
ထို့အပြင် ယခုစွမ်းရည်မျိုးမှာ OpenAI ၏ GPT-5.5 အပါအဝင် အခြား AI မော်ဒယ်များတွင်လည်း ရရှိနိုင်ပြီး ၎င်းတို့၏ လုံခြုံရေးစနစ်များမှာ သီးခြား Classifier System များဖြင့် ထိန်းချုပ်ထားသဖြင့် Jailbreak ဖြစ်ခဲ့လျှင်ပင် အန္တရာယ်ရှိသည့် ထုတ်လွှတ်မှုများကို တားဆီးနိုင်ဆဲဖြစ်ကြောင်း Anthropic က ရှင်းလင်းထားသည်။
အသုံးပြုသူ သန်းရာချီရှိသည့် စီးပွားရေးဆိုင်ရာ AI မော်ဒယ်တစ်ခုကို Jailbreak ဖြစ်နိုင်ခြေတစ်ခုတည်းဖြင့် ပြန်လည်ရုပ်သိမ်းခြင်းကို သဘောမတူကြောင်းနှင့် ယင်းစံနှုန်းကိုသာ AI လုပ်ငန်းခွင်တစ်ခုလုံးတွင် ကျင့်သုံးပါက မော်ဒယ်အသစ်များ ထုတ်လုပ်မှုကို ရပ်တန့်သွားစေနိုင်ကြောင်း ကုမ္ပဏီက သတိပေးခဲ့သည်။
ယခုနှစ်အတွင်း IPO ပြုလုပ်ရန် ပြင်ဆင်နေသည့် Anthropic အနေဖြင့် Mythos 5 ကို အန္တရာယ်များလွန်းသည့် AI အဖြစ် ကြော်ငြာခဲ့ခြင်းကြောင့် ယခုကဲ့သို့ အစိုးရ၏ အထူးစောင့်ကြည့်မှုကို ခံလာရခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
OpenAI ၏ CEO ဖြစ်သူ Sam Altman ကလည်း ပြီးခဲ့သည့် ဧပြီလအတွင်းက Anthropic ၏ ဈေးကွက်ရှာဖွေပုံကို ကြောက်ရွံ့မှုအခြေပြု Marketing တစ်ခုဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးသည်။



Comments