၂၀၂၆ ကမ္ဘာ့ဖလား နောက်ဆုံး (၄) ပွဲအတွက် အသုံးပြုမည့် တရားဝင်ပွဲစဉ်သုံး ဘောလုံး "TRIONDA FINAL" ကို မိတ်ဆက်
- Horizons News

- Jul 7
- 1 min read
နယူးယောက် ၊ ဇူလိုင် ၇ ၊ Horizons

လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များအတွက် သီးသန့်ဖန်တီးထုတ်လုပ်ထားသည့် တရားဝင် ပွဲစဉ်သုံးဘောလုံး "TRIONDA FINAL" ကို နာမည်ကျော် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ adidas က တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ ဘောလုံးသစ်ကို ရွှေရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ ပေါင်းစပ်ကာ အဆင့်မြင့် ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
TRIONDA FINAL ၏ ဒီဇိုင်းကို ဘောလုံးလောက၏ အမြင့်ဆုံးဆုဖလားဆီသို့ သွားရာလမ်းခရီးအား ရည်ညွှန်း၍ စိတ်ကူးယဉ်ဖန်တီးထားခြင်းဖြစ်သည်။

ဖီဖာကမ္ဘာ့ဖလား (FIFA World Cup™) ဆုဖလားကြီးကို ကိုယ်စားပြုသည့် ရွှေရောင်အသွင်အပြင်နှင့် ဘောလုံး၏ ပုံပန်းသွင်ပြင်ကို ပိုမိုပေါ်လွင်စေမည့် အနက်ရောင်နောက်ခံတို့ကို ပေါင်းစပ်ကာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် ရဲရင့်ပြတ်သားသော အမှတ်အသားတစ်ခုကို ဖော်ဆောင်ထားသည်။
ထူးခြားချက်အနေဖြင့် ဤဘောလုံးတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လက်ခံကျင်းပခဲ့သည့် အိမ်ရှင်မြို့ (၁၆) မြို့ကို ဂုဏ်ပြုဖော်ပြထားသည်။
ဆီမီးဖိုင်နယ်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို လက်ခံကျင်းပမည့် ဒါးလပ်စ်၊ အတ္တလန်တာ၊ မိုင်ယာမီနှင့် နယူးယောက်/နယူးဂျာစီ မြို့များကို ဘောလုံး၏ အဓိကနေရာများတွင် ပေါ်လွင်စွာ ဖော်ပြထားသည်။ထို့ပြင် ဘော့စတွန်၊ ဂွါဒါလာဂျာရာ၊ ဟူစတန်၊ ကန်းဆပ်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မက္ကဆီကိုစီးတီး၊ မွန်တာရေး၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်စစ္စကို၊ ဆီယက်တဲလ်၊ တိုရွန်တိုနှင့် ဗန်ကူးဗား မြို့များကို တြိဂံပုံစံ ဂရပ်ဖစ်ဒီဇိုင်းများအတွင်း အနုစိတ် ထည့်သွင်းထားသည်။
ယမန်နှစ် အောက်တိုဘာလက မိတ်ဆက်ခဲ့သည့် မူလ TRIONDA ဘောလုံးကို အခြေခံထားသော်လည်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အရောင်ပြောင်းလဲရုံသာမက ပြိုင်ပွဲ၏ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်စေမည့် သီးသန့်ဒီဇိုင်းကိုပါ ပြောင်းလဲဖန်တီးထားခြင်းဖြစ်သည်။
ထို့ပြင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို ပိုမိုမြန်ဆန်တိကျစေရန် အချိန်နှင့်တစ်ပြေးညီ ဘောလုံးနှင့်သက်ဆိုင်သည့် ဒေတာများကို ပေးပို့နိုင်သည့် adidas Connected Ball Technology လည်း ပါဝင်သည်။
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) က "ဒီပြိုင်ပွဲမှာ ပိုက်ကွန်ထဲဝင်သွားတိုင်း ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ အထင်ကရ TRIONDA ဘောလုံးဟာ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ စိတ်အားထက်သန်မှုကို ပြီးပြည့်စုံစွာ ကိုယ်စားပြုပါတယ်။
ပြိုင်ပွဲရဲ့ နောက်ဆုံး (၄) ပွဲမှာတော့ ဒီ TRIONDA FINAL ဘောလုံးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေရဲ့ ခြေအောက်မှာ ရှိနေတော့မှာပါ" ဟု ချီးကျူးစကား ပြောကြားခဲ့သည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဆုံးအဖြတ် ဗိုလ်လုပွဲစဉ်ကို လာမည့် ဇူလိုင်လ ၁၉ ရက်နေ့ တွင် နယူးယောက်/နယူးဂျာစီ ကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။



Comments