၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း၏ လက်ရှိအခြေအနေနှင့် နည်းဗျူဟာပိုင်း သုံးသပ်ချက်
- Horizons News

- Jun 7
- 1 min read
ဇွန် ၊ ၇ ၊ Horizons News

လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ သောမတ်စ် တူဟယ်လ် ကိုင်တွယ်မည့် အင်္ဂလန်အသင်း၏ လက်ရှိအခြေအနေမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။
နည်းပြ တူဟယ်လ်အနေဖြင့် ဖိုဒန်နှင့် ကိုလ်ပါးမားတို့ကဲ့သို့သော အဓိက တိုက်စစ်ကစားသမားကြီးအချို့ကို ချန်လှပ်ထားခဲ့ပြီး၊ ၎င်းအနှစ်သက်ဆုံးဖြစ်သည့် ကွင်းလယ်ထိန်းချုပ်မှုနှင့် တောင်ပံတိုက်စစ်ကို ပေါင်းစပ်ထားသော ၄-၂-၃-၁ သို့မဟုတ် ၃-၄-၂-၁ ကစားကွက်ကို အဓိက အသုံးပြုသွားရန် ပြင်ဆင်လာသည်ကို တွေ့ရသည်။
အင်္ဂလန်အသင်းအနေဖြင့် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာရန် ရာခိုင်နှုန်းအများဆုံးရှိနေပြီး တိုက်စစ်မှူးအဖြစ် အသင်းခေါင်းဆောင် ဟာရီကိန်းက ဦးဆောင်မည်ဖြစ်သည်။
တိုက်စစ်အထောက်အကူပြု နေရာများတွင် ညာတောင်ပံ၌ ဆာကာ၊ ဘယ်တောင်ပံ၌ နည်းပြ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာသော ရက်ရှ်ဖို့ဒ်နှင့် ကွင်းလယ်တိုက်စစ် (No. 10) နေရာတွင် ဂျုဒ် ဘယ်လင်ဟမ်တို့ ပွဲထွက်လာမည်ဖြစ်သည်။
ကွင်းလယ်အထိုင်ကိုမူ ဒီကလန် ရိုက်စ်နှင့် ကိုဘီ မိနူးတို့က တွဲဖက်ထိန်းချုပ်မည်ဖြစ်ကာ၊ နောက်တန်းတွင် ရီးစ်ဂျိမ်းစ်၊ ဂျွန်စတုန်းစ်၊ မာ့ခ်ဂွေဟီနှင့် ဒန်ဘန်းတို့က ဂိုးသမား ပစ်ဖို့ဒ်ရှေ့မှ ကာကွယ်သွားမည့် အခင်းအကျင်းဖြစ်ပါသည်။
ခံစစ်ပိုင်းကို သုံးသပ်ရလျှင် အတွေ့အကြုံရင့် စတုန်းစ်နှင့် ဂွေဟီတို့ ဗဟိုခံစစ်တွင် တွဲဖက်မည်ဖြစ်ပြီး ညာဘက်တွင် ကြံ့ခိုင်မှုပြည့်ဝနေသည့် ရီးစ်ဂျိမ်းစ် ပါဝင်လာမည်ဖြစ်သည်။
ဘယ်နောက်ခံအတွက် သဘာဝနောက်ခံလူစစ်စစ် မပါဝင်သည့်အတွက် အရပ်မြင့်ကာ ခံစစ်သေချာသော ဒန်ဘန်းကို အသုံးပြုရမည်ဖြစ်သည်။
သို့သော် ဒန်ဘန်း၏ ဘယ်ခြမ်းသည် မြန်နှုန်းမြင့် တောင်ပံကစားသမားများနှင့် တွေ့ဆုံပါက ရုန်းကန်ရနိုင်ဖွယ်ရှိနေပြီး ယခုကဲ့သို့ အချိန်မျိုးတွင် လုခ်ရှောကို လွမ်းဆွတ်သတိရဖွယ် ဖြစ်စေသည်။
ထို့ပြင် မက်ဂွိုင်းယား မပါဝင်သည့် ဗဟိုခံစစ်တွင် သွက်လက်မှုရှိသူများကို အသုံးပြုထားသော်လည်း၊ အတွေ့အကြုံနှင့် ခန္ဓာကိုယ်အသုံးပြု ကာဗာယူရမည့် ပွဲမျိုးအတွက်မူ မက်ဂွိုင်းယားကို ချန်လှပ်ခဲ့ခြင်းက နှမြောစရာပင်ဖြစ်သည်။
၎င်းသာ လေးလံမှုမရှိပါက နည်းပြ တူဟယ်လ်က သေချာပေါက် ရွေးချယ်မည်မှာ အသေအချာဖြစ်သည်။
ကွင်းလယ်နှင့် တိုက်စစ်ပိုင်းတွင် ဒီကလန်ရိုက်စ်က အဖျက်အဖြစ် ကစားကာ လူငယ်ကြယ်ပွင့် မိနူးက Box-to-Box သယ်ယူဖြန့်ဝေပေးမည့် တွဲလုံးမှာ ကွင်းလယ်ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါသည်။ ဖိုဒန်နှင့် ပါးမားတို့ မပါဝင်သည့်အတွက် ဘယ်လင်ဟမ်အပေါ် တိုက်စစ်ဖန်တီးမှု တာဝန်များစွာ ပုံကျနေမည်ဖြစ်သည်။
တိုက်စစ်ပိုင်းတွင်လည်း ဟာရီကိန်း အောက်ဆင်းကာ ဘောလုံးပေးဝေမည့် လုပ်ကွက်များမှတစ်ဆင့် ဆာကာနှင့် ရက်ရှ်ဖို့ဒ်တို့၏ မြန်နှုန်းကို အသုံးပြုပြီး ပြိုင်ဘက်နောက်တန်းကို ဒုက္ခပေးမည့် ပုံစံမျိုးကို မြင်တွေ့ရမည်ဖြစ်သည်။
ပွဲအခြေအနေအရ နည်းပြ တူဟယ်လ်အနေဖြင့် ဒန်ဘန်း၊ စတုန်းစ်၊ ဂွေဟီတို့ကို ဗဟိုခံစစ် သုံးယောက်ထားကာ ရီးစ်ဂျိမ်းစ်နှင့် အီဇီ သို့မဟုတ် မာဒွေကီတို့ကို Wing-backs များအဖြစ် အသုံးပြုသည့် ၃-၄-၂-၁ ပုံစံသို့လည်း အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိသည်။
ပွဲကျပ်နေသည့် အခြေအနေမျိုးတွင် အရှိန်အဟုန်ပြောင်းလဲရန် အန်သိုနီ ဂေါ်ဒွန်နှင့် မော်ဂန် ရော့ဂျာစ်တို့ကဲ့သို့ တိုးအား၊ ရုန်းအားကောင်းသည့် ကစားသမားများ အရန်ခုံတွင် ရှိနေခြင်းကလည်း အင်္ဂလန်အတွက် ကြီးမားသည့် အားသာချက်တစ်ခု ဖြစ်သည်။
ခြုံငုံသုံးသပ်ရပါက အင်္ဂလန်အသင်းသည် အုပ်စု (L) တွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် ကျရောက်နေပြီး အုပ်စုဗိုလ်အဖြစ် တက်ရောက်ရန် ရေပန်းအစားဆုံး ဖြစ်နေသည်။
ဖိုဒန်နှင့် ပါးမားတို့၏ တီထွင်ဖန်တီးနိုင်စွမ်း ပျောက်ဆုံးနေမှုကို ဘယ်လင်ဟမ်နှင့် ဆာကာတို့က မည်မျှအထိ အစားထိုး ဖြည့်ဆည်းပေးနိုင်မလဲ ဆိုသည့်အချက်ကသာ အင်္ဂလန်အသင်း၏ ၂၀၂၆ ကမ္ဘာ့ဖလား ခရီးစဉ်ကို အဓိက အဆုံးအဖြတ်ပေးသွားမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



Comments