top of page
Logo-Icon.png

၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို သမိုင်းဝင် အက်ဇ်တက်ကာကွင်း၌ ခမ်းနားစွာ ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၁ ၊ Horizons



ပရိသတ်များ စောင့်မျှော်နေကြသည့် ၂၀၂၆ FIFA ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားကို မက္ကဆီကိုစီးတီးရှိ နာမည်ကျော် အက်ဇ်တက်ကာ (Estadio Azteca) ကွင်းကြီးတွင် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။ 


အဆိုပါကွင်းကြီးတွင် အိမ်ရှင် မက္ကဆီကိုနှင့် တောင်အာဖရိကအသင်းတို့၏ အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဤကွင်းသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ၃ ကြိမ်တိုင်တိုင် လက်ခံကျင်းပသည့် ပထမဆုံးသော သမိုင်းဝင်ကွင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။


ယခုနှစ် ဖွင့်ပွဲအခမ်းအနား၏ အဓိက Theme အနေဖြင့် မက္ကဆီကိုနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ အကနှင့် ဂီတများကို ကမ္ဘာ့ပရိသတ်ရှေ့မှောက်သို့ တင်ဆက်သွားမည်ဖြစ်သည်။ 


အခမ်းအနားတွင် ရိုးရာ Folklore အကအဖွဲ့များနှင့် ဒေသခံအနုပညာရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်သလို၊ အရောင်အသွေးစုံလင်သည့် Visual Show များလည်း ပါဝင်မည်ဖြစ်ကြောင်း FIFA က ထုတ်ပြန်ထားသည်။ 


ထို့အပြင် ကမ္ဘာကျော်အဆိုတော်များဖြစ်ကြသည့် Shakira နှင့် Burna Boy တို့က ၂၀၂၆ ကမ္ဘာ့ဖလား၏ တရားဝင်အဓိကသီချင်း (Official Song) ဖြစ်သော “Dai Dai” ကို ပထမဆုံးအကြိမ် Live သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။ 


၎င်းတို့အပြင် J Balvin၊ Tyla၊ Maná၊ Alejandro Fernández၊ Belinda၊ Danny Ocean၊ Los Ángeles Azules နှင့် Lila Downs အစရှိသည့် နာမည်ကြီးအဆိုတော်များစွာလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။


ပွဲစဉ်မစတင်မီ နိုင်ငံတော်သီချင်း သီဆိုရာတွင် မက္ကဆီကို နိုင်ငံတော်သီချင်းကို နာမည်ကျော်အဆိုတော် Alejandro Fernández က သီဆိုမည်ဖြစ်ပြီး၊ တောင်အာဖရိက နိုင်ငံတော်သီချင်းကိုမူ Tyla က သီဆိုမည်ဖြစ်သည်။ 


ထို့အပြင် မက္ကဆီကိုနွယ်ဖွား ဟောလိဝုဒ်မင်းသမီး Salma Hayek ကိုလည်း ကမ္ဘာ့ဖလား သံတမန် (World Cup Ambassador) အဖြစ် အခမ်းအနားတွင် တရားဝင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။


မြန်မာစံတော်ချိန်အရ ၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက် သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်တွင် စတင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ မက္ကဆီကိုနှင့် တောင်အာဖရိကတို့ ယှဉ်ပြိုင်မည့် အဖွင့်ပွဲစဉ်ကိုမူ နံနက် ၁ နာရီ ၃၀ မိနစ်တွင် စတင်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Comments


bottom of page