PRF ထောက်ပို့ကတ်နှင့် NUGPay Slip အတုများဖြင့် လိမ်လည်မှုများအပေါ် နွေဦးမြန်မာအသင်း သတိပေးချက်ထုတ်ပြန်
- Horizons News

- Jun 14
- 1 min read
PRF ၊ ဇွန် ၁၄ ၊ Horizons

လတ်တလောတွင် PRF ထောက်ပို့တပ်သားကတ်များနှင့် NUGPay Slip အတုများကို အသုံးပြုကာ ငွေလဲလှယ်လိမ်လည်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း နွေဦးမြန်မာအသင်း (Spring Myanmar Society) က သတိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။
အချို့သော လူပုဂ္ဂိုလ်များသည် အခြားသူများ၏ PRF ထောက်ပို့တပ်သားကတ်ပုံများကို ခိုးယူကာ ထောက်ပို့တပ်သားအဖြစ် အယောင်ဆောင်လှည့်ဖြားခြင်းနှင့် အမည်များကို အလွဲသုံးစားပြုလုပ်၍ လိမ်လည်အလှူခံမှုများ ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PRF ထောက်ပို့တပ်သားကတ်ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ အသိအမှတ်ပြုထားသော တပ်ဖွဲ့ဝင်အထောက်အထားကတ်တစ်မျိုးသာဖြစ်ပြီး ပြင်ပလောကတွင် လူပုဂ္ဂိုလ်အတည်ပြုရန်နှင့် ငွေကြေးလုပ်ငန်းများတွင် အသုံးပြုရန်မဟုတ်ကြောင်း အသင်းက အလေးအနက် ရှင်းလင်းထားသည်။
ထို့အပြင် PRF အဖွဲ့အစည်းအနေဖြင့် တပ်သားများ၏ အမည်နှင့် အီးမေးလ်ကဲ့သို့သော အခြေခံအချက်အလက်များကိုသာ လုံခြုံစွာ သိမ်းဆည်းထားပြီး ကတ်များကို သက်ဆိုင်ရာ အီးမေးလ်များထံသို့သာ တိုက်ရိုက်ပေးပို့ကြောင်း သိရသည်။
ယင်းကဲ့သို့ လိမ်လည်မှုများမှ ကင်းဝေးစေရန်အတွက် PRF ကတ်တွင်ပါရှိသော QR Code ကို စကင်ဖတ်ကာ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ အမှန်တကယ် ထုတ်ပေးထားခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ပါ၍ ပြည်သူများ၊ ထောက်ပို့တပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအနေဖြင့် PRF ကတ်တစ်ခုတည်းကိုသာ အခြေခံ၍ လူပုဂ္ဂိုလ်အတည်ပြုခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းများ လုံးဝမပြုလုပ်ကြရန် နွေဦးမြန်မာအသင်းက အထူးသတိပေး နှိုးဆော်ထားသည်။



Comments