တောင်ကိုရီးယားတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် "အလွန်ပြင်းထန်သည့် အပူလှိုင်းသတိပေးချက်" ထုတ်ပြန်၊ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်
- Horizons News

- 4 days ago
- 1 min read
ဆိုးလ် ၊ ဇူလိုင် ၁၃ ၊ Horizons

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂျောင်ဆန် (Gyeongsan) နှင့် ပိုဟန် (Pohang) မြို့များတွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂.၂ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာနိုင်သဖြင့် ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးဌာန (KMA) က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် "အလွန်ပြင်းထန်သည့် အပူလှိုင်းသတိပေးချက်" (Extreme Heat Warning) ကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ယခုအသုံးပြုသည့် ရာသီဥတု သတိပေးချက်စနစ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းကမှ စတင်မိတ်ဆက်ခဲ့သော စနစ်သစ်တစ်ခုဖြစ်ပြီး ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ စတင်အသုံးပြုခြင်းဖြစ်သည်။ အဆိုပါ သတိပေးချက်သည် ဇူလိုင်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတိတိမှ စတင်ကာ အသက်ဝင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စနစ်အသစ်အရ ဒေသတစ်ခုအတွင်း အနည်းဆုံး နှစ်ရက်ဆက်တိုက် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ရှိနေလျှင်သော်လည်းကောင်း၊ လူ့ခန္ဓာကိုယ်မှ ခံစားရသည့် အမြင့်ဆုံးအပူချိန် (Apparent Temperature) ၃၈ ဒီဂရီစင်တီဂရိတ်ရှိမည် (သို့မဟုတ်) တကယ့်အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရလျှင်သော်လည်းကောင်း ယခုကဲ့သို့ အလွန်ပြင်းထန်သည့် အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်း တိုင်းတာချက်များအရ အဆိုပါ မြို့နှစ်မြို့လုံးတွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း KMA ၏ အချက်အလက်များက ပြသနေသည်။
မိုးလေဝသအေဂျင်စီ၏ ခန့်မှန်းချက်အရ ယခုကဲ့သို့ ပြင်းထန်သော အပူရှိန်မြင့်မားမှု အခြေအနေများသည် ဇူလိုင်လ ၁၃ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း အသိပေး သတိပေးထားသည်။



Comments