အူဒွန်ထာနီတွင် အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများပါ ရက်စက်စွာ ဖြတ်တောက်ခံရ
- Horizons News

- 4 hours ago
- 1 min read
အူဒွန်ထာနီ ၊ ဇူလိုင် ၁၈ ၊ Horizons

ထိုင်းနိုင်ငံ၊ အူဒွန်ထာနီခရိုင်၊ ဘန်ဒေါင်ဒေသရှိ လယ်ကွင်းပြင်တစ်ခုအတွင်း အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦး ခေါင်းဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘန်ဒေါင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ရဲဒုဗိုလ် ဧကဖော့ အနော့ထရပ်ဖိုင်ဆန် ဦးဆောင်သောအဖွဲ့သည် ဝပ်ပါးဆွတ်စဘိုင် ဘုန်းကြီးကျောင်းအနီးရှိ လယ်တဲတစ်ခုအတွင်း လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှုခင်းဆရာဝန်များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အခင်းဖြစ်ပွားရာ လယ်တဲအတွင်းရှိ ခြင်ထောင်ထဲတွင် အသက် (၃၆) နှစ်အရွယ်ရှိ နိုင်စွန်ဆပ် ခမ်ဝါပီ (ခ) တွန်း ဆိုသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။
သေဆုံးသူ၏ ရုပ်အလောင်းမှာ ဦးခေါင်းပြတ်တောက် ပျောက်ဆုံးနေပြီး ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာများ တွေ့ရှိရသည့်အပြင် ၎င်း၏ လိင်အင်္ဂါနှင့် ဖနောင့်ကြော နှစ်ဖက်စလုံးကိုပါ ရက်ရက်စက်စက် ဖြတ်တောက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့၏ ကနဦး မှုခင်းဆေးစစ်ချက်များအရ အလောင်းတွေ့ရှိရသည့် နေရာ၌ သွေးထွက်စီးကျမှုပမာဏမှာ ပုံမှန်ထက် အလွန်နည်းပါးနေကြောင်း တွေ့ရှိရသည်။
သို့သော် အလောင်းတွေ့ရှိရသည့်နေရာနှင့် မီတာ (၁၀၀) ခန့်အကွာရှိ အခြားလယ်တဲတစ်လုံးအတွင်း၌ သွေးကွက်များနှင့် ဆံပင်အချို့ကို ထပ်မံတွေ့ရှိရသဖြင့် အဆိုပါနေရာသည် အမှန်တကယ် လုပ်ကြံသတ်ဖြတ်ခံရသည့် နေရာဖြစ်နိုင်ကြောင်း မှုခင်းရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် ပျောက်ဆုံးနေသော သေဆုံးသူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှာဖွေရန် အင်အားစုစည်း ဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူ တရားခံအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။









Comments