Work Permit ရှိသော်လည်း အလုပ်အမျိုးအစား မတူညီသဖြင့် ချင်းမိုင်တွင် မြန်မာလုပ်သား ၃ ဦး ဖမ်းဆီးခံရ
- Horizons News

- Jun 25
- 1 min read
ချင်းမိုင်၊ ဇွန် ၂၅ ၊ Horizons

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ကိုင်ဆောင်ထားသော်လည်း ခွင့်ပြုချက်ရထားသည့် အလုပ်အမျိုးအစား၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်နေရာများ တူညီမှုမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က ချင်းမိုင်ခရိုင်၊ ဆန်ကမ်ဖဲန်းမြို့နယ်ရှိ လုပ်ငန်းခွင်တစ်ခုကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ မြန်မာလုပ်သား ၃ ဦးအနက် ၂ ဦးမှာ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေပြီး ကျန် ၁ ဦးမှာ ကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးလုပ်ကိုင်နေခြင်းဖြစ်ကာ၊ ၎င်းတို့၏ Work Permit များနှင့် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစားမှာ ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
အဆိုပါ မြန်မာလုပ်သားများသည် အလုပ်ရှင်အသစ်၊ လုပ်ငန်းခွင်နေရာနှင့် အလုပ်အမျိုးအစား ပြောင်းလဲမှုများကို မှတ်ပုံတင်အရာရှိထံ စနစ်တကျ လျှောက်ထားအကြောင်းကြားခဲ့ခြင်း မရှိပေ။
ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက "နိုင်ငံခြားသားတစ်ဦး အလုပ်လုပ်ကိုင်ခွင့်ပြုချက် ရရှိထားသော်လည်း သတ်မှတ်ထားသည့် အခြေအနေ၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်ပြင်ပတွင် လုပ်ကိုင်မှု" ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၃ ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားပြီးဖြစ်ကာ တာဝန်ရှိသူများက ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏ အလုပ်ရှင်၊ လုပ်ငန်းခွင်လိပ်စာ (သို့မဟုတ်) အလုပ်အမျိုးအစား ပြောင်းလဲပါက အလုပ်သမားရှာဖွေရေးရုံး (Employment Office) သို့ တရားဝင် ချက်ချင်းအကြောင်းကြား၍ ပြင်ဆင်ရန် လိုအပ်ပါသည်။ ထိုသို့ ပြင်ဆင်ထားခြင်းမရှိပါက Work Permit ရှိနေလျှင်ပင် ယခုဖြစ်စဉ်ကဲ့သို့ ဖမ်းဆီးအရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။







Comments