top of page
Logo-Icon.png

ကောင်းတပ်ရွာ‌ယမ်းဂိုထောင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လျော်ကြေးထက် ပိုအရေးကြီးသည့် တာဝန်ယူမှု

ဆောင်းပါး ၊ ဇွန် ၂၉ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက်က ဖြစ်ပွားခဲ့သည့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုသည် ဒေသခံပြည်သူများ၏ ဘဝကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားစေခဲ့သည်။


ရွာတစ်ရွာလုံး တုန်ခါသွားစေသည့် ပေါက်ကွဲမှုအပြီးတွင် အသက်ဆုံးရှုံးခဲ့ရသူ ၄၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၅၄ ဦး၊ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၆၈၀ လုံးနှင့် မီးလောင်ပြာကျသွားသည့် နေအိမ် ၄၀ ကျော်တို့က ထိုဖြစ်ရပ်၏ ဆိုးရွားမှုကို ဖော်ပြနေသည်။ 


သို့သော် ကိန်းဂဏန်းများထက် ပို၍နာကျင်စရာကောင်းသည်မှာ မိသားစုများ၏ အနာဂတ်၊ ဘဝတစ်လျှောက်လုံး စုဆောင်းတည်ဆောက်ထားသည့် ပိုင်ဆိုင်မှုများနှင့် လုံခြုံမှုအပေါ် ယုံကြည်ချက်များ တစ်ပြိုင်နက်တည်း ပြိုကွဲသွားခြင်းပင် ဖြစ်သည်။


ဖြစ်စဉ်နောက်ပိုင်းတွင် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အမြင့်ဆုံး ကျပ်သိန်း ၁,၀၀၀ အထိ ထောက်ပံ့ငွေများ ပေးအပ်နေသည်။ 


ထိုငွေများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် TNLA စီးပွားရေးဌာနတို့၏ ထောက်ပံ့မှုများဖြင့် စီစဉ်ထားခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်မှစတင်ကာ ပျက်စီးမှုပမာဏအလိုက် ခွဲဝေထောက်ပံ့လျက်ရှိသည်။


အစပိုင်းတွင် ကော်မတီဘက်က နေအိမ်အားလုံးကို ပုံစံတူ ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်ခဲ့သော်လည်း ဒေသခံများက မိမိတို့၏ မူလနေအိမ်ပုံစံများအတိုင်း ပြန်လည်တည်ဆောက်လိုသည့် ဆန္ဒရှိသောကြောင့် ငွေသားထောက်ပံ့သည့် စနစ်သို့ ပြောင်းလဲခဲ့သည်။ 


ထို့ကြောင့် နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ သစ်သားအိမ်၊ ထရံအိမ် စသည့် မူလနေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ငွေကွာခြားခဲ့ပြီး အချို့အိမ်များမှာ သိန်း ၈၀၀၊ ၅၀၀ အထိ ရရှိခဲ့သလို အနည်းငယ်သာ ပျက်စီးသည့် နေအိမ်များမှာ သိန်း ၂၀ ဝန်းကျင်သာ ရရှိခဲ့သည်။


သို့ရာတွင် ထိုထောက်ပံ့ငွေများသည် ဒေသခံအချို့၏ နစ်နာဆုံးရှုံးမှုကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ 


လက်ရှိဆောက်လုပ်ရေးကုန်ကျစရိတ်များ မြှင့်တက်နေသည့်အချိန်တွင် သိန်းရာဂဏန်းအနည်းငယ်ဖြင့် နေအိမ်တစ်လုံးကို ပြန်လည်ဆောက်လုပ်ရန် ခက်ခဲကြောင်း ဒေသခံများက ထောက်ပြကြသည်။ ထို့ကြောင့် အချို့မိသားစုများသည် ထောက်ပံ့ငွေကိုပင် လက်မခံဘဲ ငြင်းဆန်ခဲ့ကြသည်။


ယင်းသဘောထားသည် ငွေကြေးတန်ဖိုးတစ်ခုတည်းကို ငြင်းပယ်ခြင်းမဟုတ်ဘဲ "ဆုံးရှုံးမှု၏ တန်ဖိုးကို ဤမျှသာ သတ်မှတ်နိုင်သလား" ဟူသည့် မေးခွန်းကို ထုတ်ဖော်နေခြင်းလည်း ဖြစ်သည်။


အသက်ဆုံးရှုံးသွားသော မိသားစုဝင်များ၊ နှစ်ပေါင်းများစွာ ချွေတာတည်ဆောက်ခဲ့ရသည့် အိမ်များ၊ မီးလောင်ပျက်စီးသွားသည့် ပစ္စည်းများနှင့် အနာဂတ်အတွက် စုဆောင်းထားသည့် မျှော်လင့်ချက်များကို ငွေကြေးတစ်ခုဖြင့် တိုင်းတာနိုင်မည်မဟုတ်ပေ။


ကောင်းတပ်ရွာဖြစ်စဉ်က လက်နက်ကိုင်ပဋိပက္ခဒေသများတွင် ပြည်သူများ ရင်ဆိုင်နေရသည့် အန္တရာယ်ကို ထပ်မံထင်ဟပ်စေသည်။ 


လူနေထူထပ်သော ကျေးရွာအတွင်း ယမ်းဂိုဒေါင်ထားရှိခြင်းသည် စစ်ရေးအရ မည်သည့်အကြောင်းပြချက်ရှိစေကာမူ အရပ်သားများ၏ အသက်အန္တရာယ်ကို တိုက်ရိုက်ထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည်။ ယင်းအန္တရာယ်ကို  ရွာသားများကသာ ပေးဆပ်ရပြီးဖြစ်ပွားသည့်အခါတိုင်း အိမ်များ၊ ဘဝများနှင့် အသက်များကို ဆုံးရှုံးကြရသည်။


လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၂၂,၀၀၀ ကျော်၊ တရုတ်ယွမ် ၂၂၈,၀၀၀ နှင့် TNLA စီးပွားရေးဌာနမှ ကျပ်သိန်း ၄၀,၀၀၀ ထောက်ပံ့ထားကြောင်း သိရသည်။ 


အလှူရှင်များ၏ ကူညီမှုများသည် ဒေသခံများအတွက် အရေးပါသော်လည်း ပြန်လည်ထူထောင်ရေး၏ အနှစ်သာရမှာ အဆောက်အအုံများ ပြန်ဆောက်ခြင်းတစ်ခုတည်း မဟုတ်ပေ။ ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန်လည်း လိုအပ်သည်။


ထိုယုံကြည်မှုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်နေသည့် အရာမှာ ပွင့်လင်းမြင်သာသည့် တာဝန်ယူမှုဖြစ်သည်။ 


ယမ်းဂိုဒေါင်သည် မည်သည့်အကြောင်းကြောင့် ပေါက်ကွဲခဲ့သနည်း။ လုံခြုံရေးစီမံခန့်ခွဲမှုတွင် ချို့ယွင်းချက်များ ရှိခဲ့သလား။ တာဝန်ရှိသူများကို မည်သို့ စုံစမ်းစစ်ဆေးထားသနည်း။ ထိုသို့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် မည်သည့် အစီအမံများ ချမှတ်ထားသနည်း။ ဖြစ်စဉ်အတွက် မည်သူတို့တွင် တာဝန်ရှိသနည်း။ ထိုသူတို့ကို ဖမ်းဆီးအရေးယူမှုများဆောင်ရွက်ပြီးပြီလား။ ထိုသို့အရေးယူဆောင်ရွက်မှုများကို ပြည်သူတို့ရှေ့မှောက် ချပြနိုင်ပြီလား စသည့်မေးခွန်းများအတွက် ယနေ့အချိန်ထိ TNLA ဘက်မှ အများပြည်သူသို့ ရှင်းလင်းစွာ ထုတ်ပြန်ထားသည့် အချက်အလက်များကို မတွေ့ရသေးပေ။


အမှန်တကယ် တာဝန်ယူမှုဆိုသည်မှာ လျော်ကြေးပေးခြင်းတစ်ခုတည်း မဟုတ်ပါ။


 ဖြစ်ရပ်၏ အကြောင်းရင်းကို ဖော်ထုတ်ခြင်း၊ တာဝန်ရှိသူများကို အရေးယူခြင်း၊ အမှားကို ဝန်ခံခြင်းနှင့် အလားတူဖြစ်ရပ်များ မဖြစ်စေရန် အာမခံချက်ပေးခြင်းတို့ ပါဝင်သည်။ ယင်းအချက်များ မရှိပါက ထောက်ပံ့ငွေမည်မျှပေးစေကာမူ ဒေသခံများ၏ နာကျင်မှုနှင့် မယုံကြည်မှုကို အပြည့်အဝ ကုစားနိုင်မည်မဟုတ်ပေ။


ကောင်းတပ်ရွာသည် ယနေ့တွင် ပြန်လည်တည်ဆောက်ရေးကို စတင်နေပြီဖြစ်သော်လည်း မီးလောင်ပြာကျသွားသည့် အိမ်များထက် ပို၍ ပြန်လည်တည်ဆောက်ရန် ခက်ခဲသည့်အရာမှာ ပြည်သူများ၏ ယုံကြည်မှုဖြစ်သည်။


အဆိုပါ ယုံကြည်မှုကို ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သကဲ့သို့ထောက်ပံ့ကြေးဖြင့်လည်း အစားထိုး၍ မရနိုင်ပေ။ 



ထို့ကြောင့် ကောင်းတပ်ရွာဖြစ်စဉ်၏ အဓိကသင်ခန်းစာမှာ ပြန်လည်ထူထောင်ရေးသည် အဆောက်အအုံများကို ပြန်ဆောက်ခြင်းသာ မဟုတ်ဘဲ တာဝန်ယူမှု၊တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပြည်သူ့လုံခြုံရေးကို အခြေခံသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်းလည်း ဖြစ်ကြောင်း သတိပေးနေခြင်းဖြစ်သည်။


ရေးသားသူ - လွေးအေး

Comments


bottom of page