ကုန်တင်သင်္ဘောအား တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်ရေးပစ်မှတ်များကို အမေရိကန် လေကြောင်းမှ တိုက်ခိုက်
- Horizons News

- Jun 27
- 1 min read
ဇွန် ၂၇ ၊ Horizons

ဟော်မုဇ်ရေလက်ကြားအနီးရှိ ကုန်တင်သင်္ဘောတစ်စင်းအား အီရန်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်သိုလှောင်ရုံများ၊ ကမ်းရိုးတန်းရေဒါစခန်းများကို အမေရိကန်စစ်တပ်က သောကြာနေ့တွင် လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ထုတ်ပြန်သည်။
ယင်းသို့ ကုန်တင်သင်္ဘောကို တိုက်ခိုက်ခြင်းသည် အမေရိကန်နှင့် အီရန်တို့အကြား မကြာသေးမီက လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အီရန်ဘက်မှ မိုက်မဲစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး၊ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း "အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့်သာ တုံ့ပြန်သွားမည်" ဟု သတိပေးပြောဆိုထားသည်။
အီရန်၏ တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘော၏ အပေါ်ထပ်ပိုင်း ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူသူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အမေရိကန်၏ ယခုလေကြောင်းတိုက်ခိုက်မှုများသည် ကြီးမားသည့် စစ်ရေးပဋိပက္ခများဆီသို့ ပြန်လည်ဦးတည်သွားမည့် အခြေအနေမရှိသေးကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားထားသော်လည်း၊ အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားရာ ယင်းကိစ္စကို အမေရိကန်စစ်တပ်ဘက်က အတည်ပြုထားခြင်း မရှိသေးပေ။
(ကိုးကား - CNN )



Comments