top of page
Logo-Icon.png

ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် တိဘက်လူငယ်များ သံကြိုးဖြင့်ကိုယ်စီချည်နှောင်ကာ တရုတ်အစိုးရကို ထပ်မံဆန္ဒပြ

နယူးယောက် ၊ ဇူလိုင် ၁၁ ၊ Horizons



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးချုပ်၏ ပင်မဝင်ပေါက်ဂိတ်တံခါးများရှေ့တွင် တိဘက်ကျောင်းသားများအဖွဲ့ (SFT) မှ လူငယ်တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာများကို သံကြိုးများဖြင့် ရစ်ပတ်ချည်နှောင်ကာ တရုတ်အစိုးရ၏ ဖိနှိပ်မှုများကို ထပ်မံဆန္ဒပြခဲ့ကြကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒပြလှုပ်ရှားမှုအတွင်း လူငယ်များက တိဘက်ဒေသ၌ ဖြစ်ပွားနေသည့် တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပေးရန် ကြွေးကြော်တောင်းဆိုခဲ့ကြသည်။ ထို့အပြင် တိဘက်အရေးကို အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုထားသည့် စာတမ်းများကိုလည်း UN ရုံးချုပ် ဂိတ်တံခါးများတွင် ချိတ်ဆွဲခဲ့ကြသည်။


ယခုကဲ့သို့ တိဘက်ကျောင်းသားလူငယ်များ လမ်းပေါ်ထွက်ကာ ပြင်းပြင်းထန်ထန် ဆန္ဒပြရခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်သည်။ 


တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သည့် မူဝါဒများကို ဆန့်ကျင်သောအားဖြင့် အသက် ၅၂ နှစ်အရွယ် တိဘက်တက်ကြွလှုပ်ရှားသူ လော့ဘ်ဂါ ရန်ဇန် (Lobga Rangzen - ခေါ် Lobsang Palden) သည် ကုလသမဂ္ဂရုံးချုပ်အနီး၌ မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြကာ ကွယ်လွန်သွားခဲ့ပြီးနောက် ယင်း၏ နောက်ဆက်တွဲအဖြစ် ယခုလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။


ဆန္ဒပြသူများသည် ကွယ်လွန်သူအတွက် တရားမျှတမှု အမြန်ဆုံးဖော်ဆောင်ပေးရန်နှင့် တိဘက်လူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် အလေးအနက် တောင်းဆိုခဲ့ကြသည်။


ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) နှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Türk) တို့အနေဖြင့် တိဘက်အရေးကိစ္စအပေါ် နှုတ်ဆိတ်မနေဘဲ ထိရောက်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ပေးရန် ယခုဆန္ဒပြပွဲမှတစ်ဆင့် ထပ်ဆင့်ဖိအားပေး တောင်းဆိုထားကြောင်း သိရှိရသည်။

Comments


bottom of page