top of page
Logo-Icon.png

ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် တရုတ်အစိုးရကို ဆန့်ကျင်သောအားဖြင့် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် တိဘက်အမျိုးသား သေဆုံး

နယူးယောက် ၊ ဇူလိုင် ၅ ၊ Horizons



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ (UN) ဌာနချုပ်ရုံးအပြင်ဘက်တွင် တရုတ်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သော အသက် ၅၂ နှစ်အရွယ် တိဘက်လွတ်လပ်ရေး တက်ကြွလှုပ်ရှားသူ လော့ပ်ဆန် ရန်ဇင် (Lobga Rangzen) သည် ရရှိထားသော ပြင်းထန်မီးလောင်ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။


၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ယခုကဲ့သို့ ဆန္ဒပြမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ (NYPD) က အတည်ပြုထားသည်။ 


ဆန္ဒပြမှုမပြုလုပ်မီ ၎င်းသည် လူမှုကွန်ရက်ပေါ်၌ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် တိဘက်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် မည်သူမည်ဝါဖြစ်တည်မှုများကို ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း ဝေဖန်စွပ်စွဲကာ တိဘက်လွတ်လပ်ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။


ယခုဖြစ်ရပ်သည် လူနည်းစုဒေသများတွင် တရုတ်ဘာသာစကား သုံးစွဲမှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် တရုတ်အစိုးရ၏ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဥပဒေ" (Ethnic Unity Law) ပြဋ္ဌာန်းပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 


တိဘက်ဒေသအတွင်း၌ တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုများ ယခင်ကတည်းက ရှိခဲ့ဖူးသော်လည်း အမေရိကန်မြေပေါ်တွင်မူ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ 


ဤဖြစ်ရပ်အပေါ် တိဘက်ပြည်ပရောက်အစိုးရခေါင်းဆောင် ပန်ပါ ဆီရင် (Penpa Tsering) က များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် တိဘက်လူမျိုးများအနေဖြင့် ရေရှည်တိုက်ပွဲအတွက် မိမိတို့၏ အသက်ကို တန်ဖိုးထားစောင့်ရှောက်ကြရန် CNN သတင်းဌာနသို့ တိုက်တွန်းပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိဘက်ဒေသသည် ရှေးယခင်ကတည်းက တရုတ်ပိုင်နက်၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော ၎င်းတို့၏ ရပ်တည်ချက်ကိုသာ ထပ်လောင်းပြောဆိုခဲ့ပြီး ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကမူ ယခုဖြစ်ရပ်သည် အစည်းအဝေးများအားလုံး ပြီးဆုံးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ကုလလုပ်ငန်းများကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။


သို့သော်လည်း နိုင်ငံတကာရေးရာ လေ့လာစောင့်ကြည့်သူများကမူ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဤတုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်သည် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများအပေါ် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နှုတ်ဆိတ်မနေဘဲ ထိရောက်စွာ အရေးယူပေးရန် တွန်းအားပေးလိုက်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။


(ဓာတ်ပုံ - Reuters)


Comments


bottom of page