top of page
Logo-Icon.png

ကမ္ဘာ့ဖလားမှ စောစီးစွာထွက်ခွာခဲ့ရပြီးနောက် နုတ်ထွက်သွားသည့် တောင်ကိုရီးယားနည်းပြနှင့် ကစားသမားများ လေဆိပ်တွင် လှောင်ပြောင်ခံရ

အင်ချွန်း ၊ ဇူလိုင် ၁ ၊ Horizons


လက်ရှိ ကျင်းပနေသော ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ စောစီးစွာ ထွက်ခွာခဲ့ရသည့် တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်းသည် ယမန်နေ့ (ဇွန်လ ၃၀ ရက်) တွင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်၌ နည်းပြချုပ် ဟွန်မြောင်ဘို (Hong Myung-bo) နှင့် အသင်းသားများမှာ ပရိသတ်များ၏ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုကို ခံခဲ့ရကြောင်း သိရသည်။


 ထိုသို့ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရမှုအပေါ် တာဝန်ယူသည့်အနေဖြင့် နည်းပြ ဟွန်မြောင်ဘိုက ရာထူးမှ နုတ်ထွက်ကြောင်းကိုလည်း တရားဝင် ကြေညာခဲ့သည်။


ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသင်းရောက်ရှိလာချိန်တွင် ဒေါသထွက်နေကြသည့် ပရိသတ်ရာနှင့်ချီက လှောင်ပြောင်အော်ဟစ် ရှုတ်ချခဲ့ကြပြီး "ကိုရီးယားဘောလုံးလောက သေဆုံးသွားပြီ" ဟု ရေးသားထားသည့် စာတန်းများကိုပါ ကိုင်ဆောင်ဆန္ဒပြခဲ့ကြကြောင်း ကိုရီးယားအခြေစိုက် Korea Herald သတင်းဌာနက ဖော်ပြထားသည်။



ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းသည် အုပ်စု (A) ၌ ကျရောက်ခဲ့ပြီး ချက်သမ္မတနိုင်ငံကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မက္ကဆီကိုနှင့် တောင်အာဖရိကအသင်းတို့ကို ၁-၀ ဂိုးစီဖြင့် ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။ 


ထို့ကြောင့် ရမှတ် ၃ မှတ်ဖြင့် အုပ်စုတတိယသာ ရရှိခဲ့သည်။ ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စု (၁၂) စုမှ အုပ်စုတတိယရရှိသည့် အသင်းများအနက် အကောင်းဆုံး ၈ သင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သော်လည်း တောင်ကိုရီးယားအသင်းသည် အဆင့် ၁၀ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သောကြောင့် ပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။


အသင်း၏ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်များကြောင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပြည်ပတွင်ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) သည် နေရပ်ပြန်လာသော လက်ရွေးစင်အသင်းအတွက် တရားဝင်ကြိုဆိုပွဲ အခမ်းအနားကို ဖျက်သိမ်းခဲ့ရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က တောင်ကိုရီးယားဘောလုံးလောကတွင် ကြုံတွေ့နေရသည့် ပြဿနာများ၏ အဓိကအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားပြီး ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် တောင်းဆိုထားသည်။ 


ထို့ပြင် အတိုက်အခံ နိုင်ငံရေးပါတီများအားလုံးကလည်း တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) အပေါ် တစ်ခဲနက် ဝေဖန်ပြစ်တင်နေကြသည်။


တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ဟွန်မြောင်ဘိုကို နည်းပြချုပ်အဖြစ် ဒုတိယအကြိမ် ခန့်အပ်စဉ်ကတည်းက ရွေးချယ်မှုလုပ်ငန်းစဉ်များ၌ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဝေဖန်မှုများနှင့် ကြီးမားစွာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။


(ဓာတ်ပုံနှင့် ကိုးကား - Korea Herald)


Comments


bottom of page