top of page
Logo-Icon.png

ကလေး-တမူး လမ်းပိုင်းရှိ ကမ္ဗူးရွာကို စစ်ကောင်စီတပ် ထိန်းချုပ်၊ ထင်းဇင်ရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

စစ်ကိုင်း ၊ ဇူလိုင် ၂၄ ၊ Horizons



အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ကလေး-တမူး လမ်းမကြီးပေါ်တွင် တည်ရှိသော ကမ္ဗူးကြီး (ချင်း) ရွာနှင့် ကမ္ဗူးကြီး (ဗမာ) ရွာတို့ကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်လိုက်ကြောင်း သိရသည်။ 


ကလေးမြို့ဘက်မှ တက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ကမ္ဗူးကြီးရွာကို ဝင်ရောက် ထိန်းချုပ်အပြီးတွင် ၎င်းနှင့် ၃ မိုင်ခန့်အကွာရှိ ထင်းဇင်ကျေးရွာအနီးအထိ တိုက်ပွဲများ ဆက်လက် ကူးစက်ဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။


ဒေသခံ စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ ဇူလိုင်လ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ကမ္ဗူးကြီးရွာမှ ထွက်ခွာလာပြီး ထင်းဇင်ရွာဘက်သို့ စစ်ကြောင်းဆက်လက်ထိုးနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ 


စစ်ကောင်စီသည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ တမူးဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကလေးဘက်မှ စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် အဆိုပါလမ်းပိုင်းကို အပြည့်အဝရရှိရေးအတွက် ညှပ်ပစ်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တမူးဘက်မှ ဆင်းလာသည့် စစ်ကြောင်းမှာ လက်ရှိအချိန်အထိ ဝိတုတ်ကျေးရွာကို ကျော်လွန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ယခုအခြေအနေနှင့် ပတ်သက်၍ စစ်ရေးလေ့လာသူတစ်ဦးက "စစ်ကြောင်း ၂ ခု ချိတ်ဖို့ကတော့ နီးစပ်သွားပြီ။ အဲဒီလမ်းပိုင်းက အိန္ဒိယနယ်စပ်နဲ့ ကပ်နေတော့ တော်လှန်ရေးတပ်တွေအတွက် လုပ်ကိုင်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေဘက်ကလည်း အပြင်းအထန် ခုခံမဲ့သဘောရှိတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း အာရှလမ်းမကြီးအတွက်ပါ အရေးပါတဲ့နေရာ ဖြစ်တဲ့အတွက် တကယ်လို့ ဆုံးရှုံးရမယ်ဆိုရင် တော်လှန်ရေးတပ်တွေဘက်က နစ်နာမှု များတယ်" ဟု သုံးသပ်ပြောဆိုသည်။


စစ်ကောင်စီတပ်များအနေဖြင့် ကမ္ဗူးကြီးကျေးရွာတွင် အခြေပြုလျက် မြောက်ဘက်ရှိ ထင်းဇင်ကျေးရွာဘက်သို့ စစ်ကြောင်းဆက်ထိုးကာ တမူးစစ်ကြောင်းနှင့် ပူးပေါင်းရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသည်။


ယခု ထိုးစစ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းများ ပြန်လည်စတင်ရန် ပြောဆိုခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။


 လက်ရှိတွင် အဆိုပါ တိုက်ပွဲများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ထောင်ပေါင်းများစွာသည် စစ်ဘေးလွတ်ရာသို့ ထိတ်လန့်တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။


Comments


bottom of page