စစ်ကိုင်း-ကချင်အစပ်ကို စစ်ကြောင်းထိုးခဲ့သည့် တပ်မ (၃၃) လက်အောက်ခံတပ်များ နောက်တန်းပြန်ဆုတ်လာပြီး ဒေသခံများ၏ ရေနှင့် အစားအသောက်များကို အဆိပ်ခတ်သွား
- Horizons News

- 56 minutes ago
- 1 min read
မန္တလေး ၊ ဇူလိုင် ၂၅ ၊ Horizons

စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် မော်လူးမြို့နယ်များသို့ ထိုးစစ်ဆင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းများသည် နောက်တန်းသို့ ပြန်လည်ဆုတ်ခွာလာပြီး ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကားအစီးရေ (၈၀) ဖြင့် မန္တလေးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ယင်းစစ်ကား (၈၀) သည် စစ်ကား အစီး (၂၀) နှင့် (၆၀) ပါ ယာဉ်တန်းနှစ်ခုခွဲ၍ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှ ဝင်ရောက်လာခြင်းဖြစ်သည်။
ထိုအထဲမှ အင်အား (၂၀၀) ဝန်းကျင်မှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာမှတစ်ဆင့် စဉ့်ကူးမြို့တွင်းသို့ ဝင်ရောက်ခဲ့ကာ ကျောက်မြောင်း (ခလရ-၁၂) မှတစ်ဆင့် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ရွှေဘိုမြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
အခြားသော ယာဉ်တန်းများမှာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ခမရ (၁၁၆)၊ ခမရ (၁၁၉) တို့ဘက်သို့ ဝင်ရောက်ခဲ့သည်။
ထို့ပြင် အင်းတော်မှ စစ်တပ်အချို့ကို ဝန်းသိုမြို့ရှိ ခမရ (၁၁၁) အတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အင်းတော်နှင့် မော်လူးမြို့တွင် တပ်စွဲထားသည့် အဆိုပါ စစ်ကြောင်းများသည် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စတင်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ဆုတ်ခွာချိန်တွင် မဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုးနှင့် အလယ်ဆိပ် ကျေးရွာများရှိ ပြည်သူများ၏ သောက်သုံးရေကန်များ၊ အိမ်သုံးရေစည်များနှင့် ဆန်၊ ပဲ စသည့် စားသောက်ကုန်များအတွင်းသို့ ဓာတုဆေးများအသုံးပြု၍ ရက်စက်စွာ အဆိပ်ခပ်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်များ ယခုကဲ့သို့ နောက်တန်းပြန်ဝင်လာခြင်းမှာ အခြားသော ပြည်နယ်များသို့ ထိုးစစ်ဆင်ရန် တိုက်ခိုက်ရေးခွင် ပြောင်းလဲစုဖွဲ့မှု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
သပိတ်ကျင်းမြို့မှ တကောင်းမြို့သို့ ထိုးစစ်ဆင်ချိန်က တပ်မ (၅၅) နေရာတွင် တပ်မ (၃၃) ဖြင့် အစားထိုးခဲ့သော်လည်း ယခုအခါ တပ်မ (၃၃) ပါ ပြန်လည်ဆုတ်ခွာလာခြင်း ဖြစ်သည်။
သို့သော် တကောင်းမြို့အနီး တိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများထံမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တံဆိပ်များကို တွေ့ရှိရပြီး အဆိုပါတပ်များမှာမူ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးပေ။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလကတည်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တပ်များကို မိုးမိတ်မြို့ဘက်သို့ ပို့ဆောင်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။



Comments