ရုရှားနည်းပညာရှင်များ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက် အဆင့်မြှင့်တင်ပေးခဲ့သည့် စစ်ကောင်စီ၏ သက်တမ်းရင့် MiG-29 တိုက်လေယာဉ်များကို ၂၀၂၆ ခုနှစ်မှ စတင်ကာ စစ်ဆင်ရေးများတွင် ပြန်လည်အသုံးပြုနေ
- Horizons News

- 1 hour ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၂၅ ၊ Horizons

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ သက်တမ်းရင့် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များကို ရုရှားနိုင်ငံ၏ နည်းပညာအကူအညီဖြင့် ပြန်လည်အဆင့်မြှင့်တင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် အစပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်း လေကြောင်းစစ်ဆင်ရေးများတွင် ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။
အဆိုပါ MiG-29 တိုက်လေယာဉ်များကို ရုရှားနည်းပညာရှင်များက မှော်ဘီလေတပ်စခန်းသို့ ကိုယ်တိုင်လာရောက်၍ လေယာဉ်၏ ပျံသန်းရေးစနစ် (Avionics) နှင့် ပစ်မှတ်ရှာဖွေ တိုက်ခိုက်ရေးစနစ်များကို အဓိက အဆင့်မြှင့် မွမ်းမံပေးခဲ့ခြင်းဖြစ်သည်။
ယင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း အပြီးသတ် ဆောင်ရွက်ကာ စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်မှုများ ဆက်တိုက်ကြုံတွေ့နေရသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကိုသာ အဓိက အားထားနေရသဖြင့် လေတပ်၏ တိုက်ခိုက်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ယခုကဲ့သို့ သက်တမ်းရင့် လေယာဉ်များကိုပါ အဆင့်မြှင့်တင်လာခြင်းဖြစ်သည်။
စစ်တပ်သည် ရုရှားထုတ် MiG-29 တိုက်လေယာဉ် (၁၂) စီးကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ နောက်ထပ် (၂၄) စီးကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း ဝယ်ယူခဲ့ပြီး လက်ရှိတွင် အသုံးပြုနိုင်သည့် အစီးရေ (၂၀) ခန့်သာ ကျန်ရှိတော့ကာ မကွေး၊ တောင်ငူနှင့် မှော်ဘီ လေတပ်စခန်းများတွင် အခြေပြုထားကြောင်း သိရသည်။
"၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ စစ်ကောင်စီက လေယာဉ်အသုံးပြုမှု အရမ်းများလာတဲ့အတွက် သက်တမ်းရင့်ပြီး နည်းပညာနောက်ကျနေတဲ့ MiG-29 တွေရဲ့ စနစ်တွေကို ရုရှားနဲ့ပူးပေါင်းပြီး မွမ်းမံတာ ဖြစ်နိုင်ပါတယ်။
ယခင်က ရုရှားကို ပြန်ပို့ပြီး အဆင့်မြှင့်တင်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ရုရှားနည်းပညာရှင်တွေ ကိုယ်တိုင် မှော်ဘီလေတပ်ကို လာရောက် အဆင့်မြှင့်တင်ပေးခဲ့တာပါ" ဟု MDSI မှ စစ်ဖက်ရေးရာ သုတေသနတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီလေတပ်သည် အဆင့်မြှင့်တင်ထားသော MiG-29 များကို Yak-130၊ Su-30SME စသည့် အခြားတိုက်လေယာဉ်များနှင့် ပေါင်းစပ်ကာ ရခိုင်ဒေသ၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များအပေါ် ဗုံးကြဲတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပြန်လည်အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။



Comments