ချင်းတောင်ပိုင်း စစ်မြေပြင်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေး တိုက်ပွဲများ
- Horizons News

- Jun 9
- 1 min read
ဇွန် ၉ ၊ Horizons

မြန်မာနိုင်ငံ၏ ချင်းပြည်နယ်တောင်ပိုင်းတွင် လက်ရှိ စစ်ရေးအခြေအနေသည် တစ်နိုင်ငံလုံးအတွက် အရေးပါဆုံး စစ်မျက်နှာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်မှု အမြင့်ဆုံး ဒေသများအဖြစ် လက်ရှိအချိန်တွင် ရှိနေသည်။
စစ်ကောင်စီတပ်များသည် ယခင်က ထိုးစစ်နည်းမှ ကွာခြား၍ အင်အားကို ဖြန့်ကျက်ကာ ဝိုင်းပတ်တိုက်ခိုက်နေပြီး တစ်မိုင်မှ နှစ်မိုင်ခန့်အကွာအဝေးအတွင်း အုပ်စုငယ်များကို ဖြန့်ကာ တိုက်ခိုက်သည့်နည်းဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
အဆိုပါ နည်းဗျူဟာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် လိုက်လံဖြန့်ကျက်ကာ ကာကွယ်နိုင်မှုများ ပိုမိုမြင့်တက်လာပြီး စစ်ကောင်စီတပ်၏ အရှိန်ကို ပြင်းပြင်းထန်ထန်လျော့ချ နေရသည်။
ဇွန်လ ၆ ရက်၊ ၂၀၂၆ တွင် ပြုလုပ်သော ချင်းညီနောင် (CB) အထူးရန်ပုံငွေပွဲတွင် CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လက်ရှိ စစ်ရေးအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
စစ်ကောင်စီတပ်များသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသများကို တစ်ကြောင်းစီ ထိုးစစ်ခြင်းမဟုတ်ပဲ အင်အားကို ဖြန့်ကျက်ကာ ဝိုင်းပတ်တိုက်ခိုက်နေပြီးအဆိုပါနည်းလမ်းကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် တိုက်ခိုက်မှုများကို ပိုမိုမြင့်တင်နေရကြောင်း ဖော်ပြခဲ့သည်။
မေလလယ်မှစတင်၍ စစ်ကောင်စီတပ်များသည် အင်အား ၂၀၀၀ ကျော်ဖြင့် မင်းတပ်နှင့် ကန်ပက်လက်ဒေသသို့ ထိုးစစ်ဆင်လာပြီး တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည်။
စစ်ကောင်စီတပ်ဖက်မှလေကြောင်း အသုံးပြုကာ တိုက်ခိုက်နေသော်လည်း ချင်းတော်လှန်ရေး အင်အားစုများသည် ထိတွေ့တိုက်ပွဲများကို အောင်မြင်စွာ ခုခံနိုင်နေကြသည်။
CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဖော်ပြသလို စစ်ကောင်စီတပ်များသည် မူးယစ်ဆေးဝါးသုံးစွဲပြီး အသေခံထိုးတက်သည့် ပုံစံများဖြင့် တိုက်ခိုက်နေကြကာ ဒေသအတွင်း အရပ်သားများ၊ နေအိမ်များနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးနေကြသည်။
ဧပြီလ ၂၅ ရက်မှစတင်၍ ချင်း-ရခိုင်-မကွေး ကူးသန်းရောင်းဝယ်ရေး အရေးပါသော ကံကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲပြီးနောက် ချင်းတောင်ပိုင်းနှင့် ရခိုင်ဒေသများသို့ ဖြတ်လေးဖြတ်ပြုလုပ်နေကြသည်။
ယင်းအခြေအနေကြောင့် ဒေသခံပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံကုန်ကြမ်းများ ရှားပါးလာပြီး ထောင်နှင့်ချီသည့် စစ်ဘေးရှောင်ပြည်သူများသည် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြသည်။
CPU/CPA အဆိုအရ ပြည်သူများ လှူဒါန်းခဲ့သော ကျပ်သိန်း ၂၀၀ ခန့်ဖြင့် Grade One ကျည်ကာ ဦးထုပ်များ၊ ဆေးဝါးများ၊ ထောက်ပို့ပစ္စည်းများ၊ Power Bank များ၊ မီးစက်များ စသည့် ရှေ့တန်းလိုအပ်ချက်များကို ဝယ်ယူပို့ထားပြီးဖြစ်သည်။
ဆလိုင်းယောမာန်က “အခုလို ယုံကြည်စွာ အားပေးလှူဒါန်းကြသည့်အတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ ဆက်လက်ပါဝင်ကူညီပေးကြပါ” ဟု ပြည်သူများအား တိုက်တွန်းထားသည်။
တစ်ဖက်တွင်လည်း မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် တိုက်ပွဲများအကြောင်း အွန်လိုင်းပေါ်တွင် သတင်းမှားများ ပျံ့နှံ့နေသည်ဟု CPU က သတိပေးထားသည်။ အဆိုပါ သတင်းမှားများကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နိုင်ပြီး မလိုလားအပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်စေနိုင်သည်။
ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ ယုံကြည်နားထောင်ရန် တိုက်တွန်းထားသည်။
တကယ်တမ်း မြေပြင်အခြေအနေမှာ စစ်ကောင်စီ၏ထိုးစစ်များကို ချိုးနှိမ်ထားနိုင်ပြီးတော်လှန်ရေးတပ်များဖက်က အသာစီးရနေသည်။
ထို့အပြင် ရခိုင်ပြည်နှင့် ကချင်ဖက်တွင်သာမက မြန်မာပြည်အလယ်ပိုင်းတလျှောက် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်အနေဖြင့် အနည်းနှင့်အများဆိုသလို အထိနာနေသောကြောင့် ယခုနှစ်မကုန်ခင် အဖြေပေါ်နိုင် ကြောင်း ရှမ်းမြောက်စစ်ရေး လေ့လာသူတစ်ချို့က ခန့်မှန်းထားသည်။
ချင်းတော်လှန်ရေး အင်အားစုများက လက်ရှိ မင်းတပ်နှင့် ကန်ပက်လက်ဒေသ တိုက်ပွဲများသည် တစ်နိုင်ငံလုံးအတွက် အရေးပါသော စစ်မျက်နှာ ဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီ၏ ထိုးစစ်ကို ရပ်တန့်စေနိုင်ပါက နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးအခြေအနေကို အဆုံးသတ်ပေးနိုင်ကြောင်း ကိုလည်းသုံးသပ်ထားသည်။
လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ရှိနေပြီး နောက်လနှစ်လမှသုံးလအတွင်း စစ်ကောင်စီ၏ ထိုးစစ် အရှိန်ကို ဖျက်၍ အနိုင်ရနိုင်သည့် အခြေအနေရှိသော်လည်း စစ်ရေးအခြေအနေသည် မတည်ငြိမ်သေးကြောင်း သိရသည်။
တစ်နည်းအားဖြင့် ချင်းတောင်ပိုင်းဒေသသည် စစ်ရေးနယ်ပယ်အဖြစ်သာမက စစ်ကောင်စီနှင့် တိုင်းရင်းသား လွတ်မြောက်ရေးအင်အားစုများအတွက် မဟာဗျူဟာရေးရာ အရေးပါသော အစွန်းရောက် နယ်မြေတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။
ဒေသခံများ၏ လှူဒါန်းမှု၊ နိုင်ငံခြားပူးပေါင်းမှုများနှင့် လက်ရှိ စစ်ရေးနည်းဗျူဟာများပေါင်းစပ်၍ ဤဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအခြေအနေကို တိုက်ရိုက် သက်ရောက်နိုင်မည့် အရေးပါမှုရှိ ကြောင်း တင်ပြအပ်ပါသည်။


Comments