top of page
Logo-Icon.png

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ အပြင်းအထန် ပေါက်ကွဲမှုကြီးနှင့် တာဝန်ခံမှုအတွက် တောင်းဆိုသံများ

ဇွန် ၆ ၊ Horizons


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် သေဆုံးသူ (၅၇) ဦးခန့်ရှိပြီး လူဦးရေ(၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ (၃၀၀)ခန့်ရှိသည့်အနက် အိမ်ခြေ(၁၀၀)ဝန်းကျင်ပြာကျပျက်စီးခဲ့ရကြောင်းနောက်ဆုံးရရှိသော သတင်းများအရ သိရသည်။ 


ဤဖြစ်ရပ်သည် ဒေသခံပြည်သူများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ လက်နက်ခဲယမ်းများ သိုလှောင်မှုနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုများ တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။


ပေါက်ကွဲမှုသည် မေလ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲမှ ၂ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကောင်းတပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောကြားခဲ့သည်။


ယင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ကြီးစွာသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရာ အစောပိုင်းသတင်းများတွင် သေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် The Irrawaddy - Burmese Edition ၏ ဖော်ပြချက်အရ သေဆုံးသူ ၅၇ ဦးနှင့် ဒဏ်ရာရသူ ၁၁၂ ဦးအထိ မြင့်တက်လာခဲ့သည်။သေဆုံးသူ ၅၇ ဦးတွင် ကလေးသူငယ် ၇ ဦးပါဝင်ပြီးဒဏ်ရာရရှိသူများထဲတွင်  အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။


ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ဘုန်းကြီးကျောင်းများ၊ နေအိမ်များနှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး အိမ်ခြေ ၃ဝဝ ကျော် ပျက်စီးခဲ့သည်။


ထောင်ပေါင်းများစွာသော ဒေသခံများမှာ ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေရသည်။

လက်ရှိ အခြေအနေတွင် နမ့်ခမ်းပြည်သူ့ဆေးရုံ၌ ဒဏ်ရာရလူနာများအတွက် အရေးပေါ်သွေးလှူဒါန်းမှုများ လိုအပ်နေကြောင်းလည်း သတင်းများက ဖော်ပြသည်။


အဆိုပါ ကြေကွဲဖွယ်ဖြစ်ရပ်နှင့် ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။


 ကြေညာချက်တွင် ၎င်းတို့၏ စီးပွားရေးဌာနမှ ကျောက်ထုတ်လုပ်ရေးအတွက် သိုလှောင်ထားသော ယမ်း‌ပျော့များ မတော်တဆ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။


TNLA က ဤဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ထိခိုက်ခံရသူများအတွက် ဆေးဝါးကုသမှုနှင့်ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 


ထို့အပြင် ယခုကဲ့သို့ ပေါ့ဆမှုအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။


TNLA ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာသော်လည်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများဘက်မှ ပိုမိုခိုင်မာသော တာဝန်ယူမှုများကို တောင်းဆိုလျက်ရှိသည်။


တာအာင်းပြည်နယ်ကောင်စီ (TLC) က ဇွန်လ ၁ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး TNLA အနေဖြင့် ဤဖြစ်ရပ်အတွက် တာဝန်ယူရန်၊ ထိခိုက်ခံရသူများအား ဆေးဝါးကုသမှု ပေးရန်နှင့် ဥပဒေအရ စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။ 


ထို့အပြင် ပျက်စီးသွားသော ကျေးရွာကို ပြန်လည်တည်ဆောက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။


ဒေသခံပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက TNLA ၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။


တာအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ ကိုယ်စားလှယ်တစ်ဦးက TNLA အနေဖြင့် အပြည့်အဝ တာဝန်ယူပြီး ထိခိုက်ခံရသူများအတွက် ရေရှည်အကူအညီများ ပေးအပ်ရမည်ဟု ပြောကြားခဲ့သည်။


ဒေသခံများက TNLA မှ လက်နက်ခဲယမ်းများကို လူနေအိမ်ခြေအနီးတွင် သိုလှောင်ထားခြင်းအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။


တရုတ်-မြန်မာနယ်စပ်အနီး နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဤပေါက်ကွဲမှုကို အိမ်နီးချင်း တရုတ်နိုင်ငံကပါ အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ 


ပေါက်ကွဲမှုအတွင်း တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။



ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးကို အာမခံရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ 


တရုတ်နိုင်ငံက မြန်မာဘက်မှ ဒဏ်ရာရရှိသူ တရုတ်နိုင်ငံသားအား ဆေးဝါးကုသမှု ပေးရန်နှင့် ဖြစ်စဉ်ကို သေချာစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး ၎င်းတို့၏ နိုင်ငံသားများအတွက် လိုအပ်သော အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။


နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပေါက်ကွဲမှုသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကြီးမားစွာ ထိခိုက်စေခဲ့သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။


 TNLA ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ ထိခိုက်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် နစ်နာကြေးပေးအပ်ရေးတို့သည် အရေးကြီးသည့် ကိစ္စရပ်များအဖြစ် ရှေ့ဆက်၍ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။‌‌


ပေါက်ကွဲမှုဖြစ်စဉ်မှာ တစ်ပတ်အထိကြာမြင့်လာခဲ့ပြီး ဒေသခံတအာင်းလူငယ်အဖွဲ့များ၊လူမှုကူညီကယ်ဆယ်‌ရေးအဖွဲ့များက အလှူငွေများကောက်ခံကာပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေကြသော်လည်း TNLA၏ တာဝန်ယူမှုများကိုမူ သိသာထင်ရှားစွာမမြင်ရသေးကြောင်း နေအိမ်ဆုံးရှုံးခဲ့ရသည့်ဒေသခံတစ်ဦးက ပြောပြသည်။ 


ယခုဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းအချက်အလက်များကို Horizon News မှ ဆက်လက်စောင့်ကြည့် ဖော်ပြပေးသွားမည်ဖြစ်သည်။

Comments


bottom of page