top of page
Logo-Icon.png

ချင်းမိုင်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၉ သိန်းနီးပါး ကြားဖြတ်သိမ်းဆည်းရမိ

ချင်းမိုင်၊ ဇွန် ၂၆ ၊ Horizons



ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲတန်းဒေသရှိ လမ်းဘေးသစ်တောခြုံနွယ်များအတွင်း ဝှက်ထားသော မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၈၉၆,၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ကြားဖြတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ကြိုတင်ရရှိထားသော သတင်းအချက်အလက်များအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (၃၃၅)၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကတည်းက အဆိုပါနေရာတစ်ဝိုက်တွင် ရက်ရှည်စောင့်ဆိုင်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။


 ထို့နောက် ဇွန်လ ၂၅ ရက်နေ့ (မနေ့က) နံနက်အစောပိုင်း ၃ နာရီခွဲဝန်းကျင်တွင် အင်တာခင်းခရိုင်ခွဲ၊ ဘန်ပန်ကုဒ်ကျေးရွာအနီးရှိ မှောင်မည်းနေသော လမ်းဘေးတောအုပ်အတွင်း၌ သံသယဖြစ်ဖွယ် မီးလင်းနေသည်ကို သတိပြုမိခဲ့ကြသည်။


အာဏာပိုင်များက အဆိုပါ သံသယရှိရာ နေရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သော်လည်း မှောင်ရိပ်ခိုနေသည့် သံသယရှိသူ ၂ ဦးမှ ၃ ဦးခန့်မှာ ညအမှောင်ကို အကာအကွယ်ယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 


ထို့နောက် ၎င်းနေရာတစ်ဝိုက်ကို အသေးစိတ် လိုက်လံရှာဖွေရာတွင် မြက်ပင်များ၊ ငှက်ပျောရွက်များဖြင့် သေချာစွာ ဖုံးအုပ်ဝှက်ထားသော အပြာရောင်အိတ် ၃ အိတ်နှင့် ပလတ်စတစ်အိတ်အကြီး ၁ အိတ်ကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်များအတွင်းမှ မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၉၆,၀၀၀ ခန့်ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မူးယစ်ဆေးဝါးများသည် ဒေသတွင်း ဖြန့်ကျက်နေသည့် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုထံ ပို့ဆောင်ရန် ရည်ရွယ်၍ ဤနေရာတွင် လာရောက်ဝှက်ထားခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်များက သုံးသပ်ထားသည်။ 


လက်ရှိတွင် သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မဲတန်းရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး၊ ထွက်ပြေးလွတ်မြောက်သွားသည့် ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံအာဏာပိုင်များက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။



Comments


bottom of page