ချင်းမိုင်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ မူးယစ်မှောင်ခို ၄ ဦးသေဆုံးပြီး မူးယစ်ဆေးဝါးအမြောက်အမြား သိမ်းဆည်းရမိ
- Horizons News

- Jul 3
- 1 min read
ချင်းမိုင် ၊ ဇူလိုင် ၃ ၊ Horizons

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်အေးမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် လမ်းကြောင်းတစ်ခုတွင် ယနေ့ (ဇူလိုင် ၃ ရက်) ၌ ထိုင်းအာဏာပိုင်များနှင့် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မှောင်ခိုအဖွဲ့ဝင် ၄ ဦး သေဆုံးကာ မူးယစ်ဆေးဝါးအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကတည်းက အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ခိုးထုတ်သယ်ဆောင်မည့်သတင်းကို ဖာမိန်းတပ်ဖွဲ့ (Pha Muang Task Force) ၏ အထူးသတင်းထောက်လှမ်းရေးအဖွဲ့က ကြိုတင်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းအရ မယ်အေးမြို့နယ် မယ်ဆာအိုကျေးရွာအုပ်စု၊ ဘန်နာမားအွန်ရွာအနီးရှိ သဘာဝနယ်စပ်လမ်းကြောင်းနှင့် ဒွိုင်ဖာဟုမ်ပေါက် တောင်တန်းတစ်လျှောက်တွင် အမှတ် (၃၂၀၇) ခြေလျင်တပ်ခွဲ၊ တတိယစစ်ဒေသတပ်ဖွဲ့၊ အမှတ် (၄) မြင်းစီးတပ်ခွဲနှင့် Chaiyanupap အထူးတပ်ဖွဲ့တို့ ပူးပေါင်းကာ တစ်လနီးပါးကြာ စောင့်ကြည့်ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့စောင့်ကြည့်နေစဉ် ယနေ့ ဇူလိုင် ၃ ရက်တွင် ကျောပိုးအိတ်များ လွယ်ဆောင်လာသည့် မူးယစ်မှောင်ခိုအုပ်စုကြီးတစ်ခု ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် အချက်ပြရာမှ မှောင်ခိုအဖွဲ့ဘက်က ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သောကြောင့် တောင်ပေါ်တွင် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအပြီးတွင် မှောင်ခိုအဖွဲ့ဝင် ၄ ဦး၏ ရုပ်အလောင်းများနှင့်အတူ ၎င်းတို့သယ်ဆောင်လာသည့် ကျောပိုးအိတ်များအတွင်းမှ စိတ်ကြွဆေးပြား၊ ဘိန်းနှင့် ဘိန်းဖြူအမြောက်အမြားကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ နယ်စပ်ဧရိယာတစ်ဝိုက်အား ပိတ်ဆို့ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ကျန်ရှိသော မှောင်ခိုအဖွဲ့ဝင်များကို ဆက်လက်ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။











Comments