ဂျပန်နိုင်ငံတွင် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူကို ပြည့်တန်ဆာလုပ်ရန် စေခိုင်းခဲ့သည့် မိခင်ဖြစ်သူအား ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်
- Horizons News

- Jun 30
- 1 min read
ဘန်ကောက် ၊ ဇွန် ၃၀ ၊ Horizons

ဂျပန်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး အသက် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူအား လိင်ဖျော်ဖြေရေးလုပ်ငန်းတွင် ပြည့်တန်ဆာအဖြစ် အဓမ္မခေါင်းပုံဖြတ် ခိုင်းစေခဲ့သည့် မိခင်ဖြစ်သူကို ဘန်ကောက်မြို့ ရာဇဝတ်တရားရုံးက ဇွန်လ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်နှင့် ၆ လ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် လက်ခ်ဆာနာ (Laxsana) အမည်ရ ထိုင်းအမျိုးသမီးဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ဂျပန်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်ကို အသုံးပြုကာ သမီးဖြစ်သူနှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဂျပန်နိုင်ငံ၊ ဘွန်ခယို (Bunkyo) ဒေသရှိ တိုက်ခန်းတစ်ခုတွင် သမီးဖြစ်သူကို ထားရစ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးရန် အတင်းအကျပ် ဖိအားပေးစေခိုင်းခဲ့သည်။ ယင်းနောက် ဇူလိုင်လတွင် ပြန်လာမည်ဟုဆိုကာ တိုကျိုမြို့မှတစ်ဆင့် ထိုင်ဝမ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
မိခင်ဖြစ်သူ ထွက်ခွာသွားပြီးနောက် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်သည် ၃၃ ရက်တာ ကာလအတွင်း အဆိုပါ အနှိပ်ခန်း၌ အမျိုးသား ၆၀ ကျော်နှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်ရန် အဓမ္မခိုင်းစေခံခဲ့ရပြီး ငွေကြေးမြောက်မြားစွာ ခေါင်းပုံဖြတ်ခံခဲ့ရသည်။
နောက်ပိုင်းတွင် မိန်းကလေးငယ်မှာ ယင်းနေရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တိုကျိုမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဗျူရိုထံသို့ ကိုယ်တိုင်သွားရောက် အကူအညီတောင်းခံခဲ့ရာမှ ဤလူကုန်ကူးမှုဖြစ်စဉ်ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ ကလေးငယ်မှာ ထိုင်းနိုင်ငံရှိ Pavena Hongsakun Foundation ၏ စောင့်ရှောက်မှုအောက်တွင် လုံခြုံစွာ ရှိနေပြီဖြစ်သည်။
ဤဖြစ်စဉ်ကြောင့် အဓိကတရားခံဖြစ်သူ မိခင် "လက်ခ်ဆာနာ" ကို ထိုင်ဝမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း အရေးယူခဲ့သည်။ အလားတူ မိန်းကလေးငယ်အား ခေါင်းပုံဖြတ်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် ဂျပန်အနှိပ်ခန်းပိုင်ရှင်ကိုလည်း ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။
ဘန်ကောက်တရားရုံးက တရားခံ မိခင်ဖြစ်သူကို လူကုန်ကူးမှုနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတို့ဖြင့် မူလက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသဖြင့် ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ၇ နှစ်ခွဲသို့ လျှော့ပေါ့ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ၎င်း၏လက်ကိုင်ဖုန်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။



Comments