top of page
Logo-Icon.png

စင်ကာပူနိုင်ငံ ဖစ်ရှရီပို့လမ်းရှိ ရေခဲစက်ရုံဝင်းအတွင်း အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားပြီး (၂) ဦး ဆေးရုံတင်ရ

စင်ကာပူ ၊ ဇွန် ၂၉ ၊ Horizons



စင်ကာပူနိုင်ငံ၊ ဂျူရောင်းဒေသရှိ ဖစ်ရှရီပို့လမ်း အမှတ် ၁၁ နေရာရှိ Jurong Marine Cold Storage ရေခဲစက်ရုံဝင်းအတွင်း ယနေ့ (ဇွန် ၂၉ ရက်) တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ထိတွေ့မိသူ လူ (၂) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) က သတင်းထုတ်ပြန်သည်။


SCDF ၏ အဆိုအရ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကူအညီတောင်းခံသည့် ဖုန်းလက်ခံရရှိခဲ့ခြင်းဖြစ်ပြီး၊ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် အမိုးနီးယားဓာတ်ငွေ့များကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆောက်အအုံအတွင်းရှိ လူများကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့အပြင် ကြိုတင်ကာကွယ်သည့်အနေဖြင့် အနီးနားရှိ အမှတ် (၉) နှင့် အမှတ် (၁၅) ဖစ်ရှရီပို့လမ်းရှိ အဆောက်အအုံများကိုပါ ယာယီရွှေ့ပြောင်းစေခဲ့ကြောင်း သိရသည်။


SCDF မှ အန္တရာယ်ရှိပစ္စည်းများ ကိုင်တွယ်ရေး အထူးကျွမ်းကျင်သူများက ယိုစိမ့်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေခဲ့ရာ အဆောက်အအုံရှိ အခန်းတစ်ခုအတွင်းရှိ ပိုက်လိုင်းတစ်ခုမှ ယိုစိမ့်နေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။


 လက်ရှိတွင် အဆိုပါပိုက်လိုင်းသို့ ပေးပို့နေသည့် ဘား ကို ပိတ်ထားလိုက်ပြီဖြစ်ပြီး စစ်ဆေးရေးကိရိယာများ၏ နောက်ဆုံးတိုင်းတာချက်များအရ ဓာတ်ငွေ့ပြင်းအားမှာ လျော့ကျသွားပြီဖြစ်ကြောင်း အတည်ပြုထားသည်။


ယင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အမိုးနီးယားဓာတ်ငွေ့နှင့် ထိတွေ့မိခဲ့သူ (၂) ဦးကို SCDF က ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီး စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့သည်။ အများပြည်သူများအနေဖြင့် အဆိုပါနေရာအနီးသို့ မသွားရောက်ကြရန်လည်း SCDF က သတိပေးထားသည်။


မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အခင်းဖြစ်ပွားရာနေရာသို့ CNA သတင်းဌာနက သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေးကြိုးများ တားဆီးထားပြီး SCDF ယာဉ် (၆) စီးနှင့် အဝေးထိန်းစက်ရုပ်ယာဉ်တစ်စီးတို့ကို တွေ့ရှိခဲ့ရသည်။


 နေရာပြင်ပတွင် သတင်းထောက်များနှင့် စောင့်ကြည့်နေသူများရှိပြီး အချို့မှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း များ တပ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။


အမိုးနီးယားသည် အရောင်အဆင်းမရှိဘဲ အလွန်အမင်း စူးရှကာ မွန်းကျပ်စေသော အနံ့ရှိသည့် ဓာတ်ငွေ့တစ်မျိုးဖြစ်သည်။ ၎င်းကို ရေခဲသေတ္တာနှင့် အအေးပေးစနစ်များတွင် သုံးသောဓာတ်ငွေ့အဖြစ် လည်းကောင်း၊ ဓာတ်မြေဩဇာနှင့် သန့်ရှင်းရေးသုံးပစ္စည်းများတွင် လည်းကောင်း စက်မှုလုပ်ငန်းများ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ 


ယင်းဓာတ်ငွေ့ကို ပြင်းအားများများဖြင့် ထိတွေ့မိပါက အရေပြား၊ မျက်လုံး၊ လည်ချောင်းနှင့် အဆုတ်တို့ကို ထိခိုက်စေနိုင်ပြီး ချောင်းဆိုးခြင်းနှင့် လောင်ကျွမ်းခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။


(ကိုးကား / ပုံ - CNA )


Comments


bottom of page