top of page
Logo-Icon.png

မကွေးအကျဉ်းထောင်တွင် အကျဉ်းဦးစီးအရာရှိများက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်နေ

မကွေး ၊ ဇူလိုင် ၂၅ ၊ Horizons



မကွေးတိုင်း၊ မကွေးမြို့အကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာန အရာရှိများက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခြင်းနှင့် တိုက်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ထောင်တွင်းအာဏာပိုင် သတင်းရင်းမြစ်များထံမှ သိရသည်။


အကျဉ်းထောင်အရာရှိများသည် အခြားပြစ်မှုကျူးလွန်သူ အကျဉ်းသားများကို မူးယစ်ဆေးဝါးများ သွင်းယူရောင်းချပေးနေသည့်အပြင် ၎င်းတို့နှင့် ပူးပေါင်းကာ နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက်နှိပ်စက်နေကြောင်း ပေါက်ကြားလာသည့် မှတ်တမ်းများအရ သိရသည်။



"၂၀၂၁ ၅ လပိုင်းလောက်ကတည်းက နိုင်ကျဉ်းတွေကို ရှယ်နှိပ်ကွတ်တာ။ ကျန်းမာရေးအတွက် ဒိုက်ထိုးရင်တောင် မိန်းဂျေး (Main Jail) ခေါ်ပြီး အချက် ၁၀၀ လောက်ရိုက်တယ်၊ နေလှမ်းတယ်။ 


မူးယစ်ဆေးသမားတွေကို အခန်းလူကြီးခန့်ပြီး နိုင်ကျဉ်းတွေကို နှိပ်ကွတ်ခိုင်းတာပဲ" ဟု မကွေးထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပြောပြသည်။


ယင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သုံးပွင့်အဆင့်ရှိ အရာရှိ မောင်ဦး၊ နှစ်ပွင့်အရာရှိများဖြစ်သည့် ပြည့်ဖြိုးထွန်း၊ ကောင်းမြတ်အောင်၊ တစ်ပွင့်အရာရှိ အောင်ရွှေနှင့် အခြားဝန်ထမ်းများက ပြစ်မှုအကျဉ်းသားများဖြစ်သော ချစ်ပို၊ တင်အောင်ထွန်း၊ ကြွက်ကြီး (ခ) တင်စိုးမောင်၊ ကျော်သက်ဦး၊ ငစိုင်း (ရမည်းသင်း) တို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ 


ထောင်တွင်းသို့ မူးယစ်ဆေးသွင်းသူများမှာ ပြည့်ဖြိုးထွန်း၊ ကောင်းမြတ်အောင်နှင့် အောင်ရွှေတို့ဖြစ်ပြီး မောင်ဦးဆိုသူမှာ စစ်တွေထောင်တွင် အကျဉ်းသားတစ်ဦးကို ရိုက်သတ်ခဲ့ဖူးသူဖြစ်ကာ မကွေးထောင်သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင်လည်း ဆက်လက် ရိုက်နှက်ဆဲဆိုမှုများ ပြုလုပ်နေကြောင်း ပေါက်ကြားလာသည့် အချက်အလက်များတွင် ဖော်ပြထားသည်။


ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့က မကွေးထောင်အနီး တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခဲ့ရာ ၅ ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကမူ အဆိုပါ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားဖူးသည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ပါးစေများ၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ စုစုပေါင်း (၈,၂၀၀) ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်း သိရှိရသည်။


Comments


bottom of page