top of page
Logo-Icon.png

တမူးနယ်စပ်၌ အိန္ဒိယဘက်က လုံခြုံရေးတိုးမြှင့်၊ စစ်ရှောင် ၁၀၀ ခန့် ဖမ်းဆီးခံရပြီး စစ်ဆေးမှုများပြုလုပ်နေ

တမူး ၊ ဇူလိုင် ၂၄ ၊ Horizons



မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့် ထိစပ်နေသည့် မဏိပူရ်ပြည်နယ်အတွင်း အိန္ဒိယဘက်က လုံခြုံရေးအင်အား တင်းကျပ်စွာ တိုးမြှင့်လိုက်ပြီး ဒေသတွင်း ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်များကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။



ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်က ကလေး၊ တမူးနှင့် မော်လိုက်မြို့များဘက်မှ စစ်ကြောင်း (၃) ကြောင်းဖြင့် ကလေး-တမူး (အာရှလမ်းမကြီး) တစ်လျှောက် စစ်ကြောင်းထိုးလာခဲ့ရာ ဒေသတွင်း တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့သည်။


ယင်းတိုက်ပွဲများကြောင့် ကံမ္မကြီး၊ ဝိတုတ်၊ ခမ်းပတ်၊ ဘုက္ကန်၊ ကနန်နှင့် နန်းမွန်းတား စသည့် ကျေးရွာများမှ ဒေသခံ ၃၀,၀၀၀ ဝန်းကျင်ခန့်သည် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထိုသို့ ဒေသခံများ အမြောက်အမြား ထွက်ပြေးနေရချိန်တွင် အိန္ဒိယ အာသံရိုင်ဖယ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် မဏိပူရ်နယ်စပ် စစ်ဆေးရေးဂိတ်များ၌ သံချပ်ကာကားများ ထားရှိကာ လုံခြုံရေး တိုးမြှင့်လိုက်သည်။


ယခင်က စစ်ဆေးရေးဂိတ် (၃) ဂိတ်သာ ရှိခဲ့သော်လည်း ယခုအခါ ဂိတ်များ ထပ်မံတိုးချဲ့လိုက်သည့်အပြင် နယ်စပ်ခြံစည်းရိုးများ၌ပါ ကင်းစခန်းများ တိုးမြှင့်ဆောက်လုပ်၍ အမြဲတမ်း လှည့်ကင်းစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိသည်။


စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက "တရားဝင် အထောက်အထား မရှိလို့ဆိုပြီး ကလေးသူငယ်တွေ အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၀၀ ခန့် ဖမ်းဆီးခံထားရတာ တစ်လကြာတဲ့အထိ ပြန်မလွတ်သေးပါဘူး" ဟု ပြောကြားသည်။ 


အိန္ဒိယစစ်တပ်နှင့် ရဲတပ်ဖွဲ့သည် မဏိပူရ်ပြည်နယ်အတွင်း မြန်မာစစ်ရှောင်များ စုဝေးနေထိုင်သည့် ရပ်ကွက်များ၌ ဧည့်စာရင်းနှင့် အထောက်အထားများကို တစ်အိမ်တက်ဆင်း စစ်ဆေးနေသည့်အပြင် နယ်စပ်တောတောင်များအတွင်းရှိ တဲများအထိပါ မကျန် လိုက်လံရှာဖွေနေခြင်းဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် အဓိကအားဖြင့် လက်နက် ကိုင်ဆောင်ထားခြင်း ရှိ၊ မရှိနှင့် နေထိုင်ခွင့်၊ ဖြတ်သန်းခွင့် အထောက်အထားများ ရှိ၊ မရှိတို့ကို ဦးစားပေး စစ်ဆေးနေကြောင်း သိရသည်။


စစ်ဘေးရှောင် အများစုမှာ နယ်စပ်စခန်းများတွင် သီးသန့်ထားရှိခြင်းနှင့် လူမျိုးတူ အဖွဲ့အစည်းများ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေကြသော်လည်း ကသဲ (Meitei) ရဲကွန်မန်ဒိုများနှင့် တိုက်ရိုက်တွေ့ဆုံပါက ဖမ်းဆီးခံရမှုများ ရှိနေပြီး မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်မည်ကို စစ်ရှောင်များက အထူးစိုးရိမ်နေကြသည်။


တစ်ဖက်တွင်လည်း နယ်စပ်တည်ငြိမ်ရေးအတွက် အာသံရိုင်ဖယ်တပ်၊ အိန္ဒိယဗဟိုအစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များသည် ဇူလိုင် ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ မဏိပူရ်ရဲတပ်ဖွဲ့၏ ဇူလိုင် ၁၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ နယ်စပ်တစ်လျှောက် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Comments


bottom of page