တရုတ်နိုင်ငံ ကွမ်ရှီဒေသတွင် ဆည်ကျိုးပေါက်မှုကြောင့် လူ ၅ သောင်းကျော် ရေဘေးသင့်ကာ ၄ သောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးရ
- Horizons News

- Jul 7
- 1 min read
ကွမ်ရှီ ၊ ဇူလိုင် ၇ ၊ Horizons

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီ (Guangxi) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အပူပိုင်းမုန်တိုင်း 'မေဆက်' (Maysak) ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ လျူလန် (Liuliang) ဆည်ကျိုးပေါက်ခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၅၅,၀၀၀ ခန့် ရေဘေးဒဏ် သင့်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဆင်ဟွာ (Xinhua) သတင်းဌာနက ယမန်နေ့ (ဇူလိုင် ၆ ရက်) တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် နန်နင်းမြို့တော် လက်အောက်ရှိ ဟန်ကျိုးမြို့ (Hengzhou) ၌ တည်ရှိသော လျူလန်ရေလှောင်တမံ၏ ဆည်မြောင်းအပိုင်းနှစ်ခု ပြိုကျပျက်စီးခဲ့ရာမှ မီတာ ၅၀ (၁၆၄ ပေ) ခန့် ကျယ်ဝန်းသော အပေါက်ကြီးဖြစ်ပေါ်ခဲ့ပြီး တောင်ကျချောင်းရေများ မြစ်အောက်ပိုင်းသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွားခဲ့သည်။

ရွှံ့ရေစီးဆင်းမှု အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ စိုက်ခင်းများနှင့် ဆက်သွယ်ရေးတိုင်များစွာ ပျက်စီးခဲ့ရပြီး ရေတက်လာမှုကြောင့် ဒေသခံအချို့မှာ နေအိမ်ခေါင်မိုးများပေါ်သို့ တက်ရောက်ကာ အကူအညီတောင်းခံနေရသည့် ရုပ်သံများလည်း လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
အဆိုပါ အရေးပေါ်အခြေအနေကြောင့် အာဏာပိုင်များက ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေးအဖွဲ့များကို ချက်ချင်းစေလွှတ်ခဲ့ပြီး ဟန်ကျိုးမြို့နှင့် ပင်းယန်ခရိုင်တို့ရှိ ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသခံ ၄၇,၈၀၀ ကျော်ကို လုံခြုံရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။
ထို့ပြင် ရေကြီးမှုကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အဆင့် (၃) မှ အဆိုးရွားဆုံးအခြေအနေကို သတ်မှတ်သည့် အဆင့် (၁) သို့ အမြင့်ဆုံး တိုးမြှင့်သတ်မှတ်လိုက်ပြီး ပြည်သူများအနေဖြင့် မြစ်ချောင်းများနှင့် မြေနိမ့်ပိုင်း နေရာများမှ ဝေးဝေးနေထိုင်ကြရန် တိုက်တွန်းထားသည်။ ဆည်ကျိုးပေါက်ချိန်တွင် လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုရှိခဲ့သော်လည်း မြစ်အောက်ပိုင်းဒေသများရှိ အာဏာပိုင်များထံသို့ ဘေးအန္တရာယ် ကြိုတင်သတိပေးချက်များကို အချိန်မီ ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
ယခုကျိုးပေါက်သွားသည့် လျူလန်ဆည်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့သော အလတ်စား ရေလှောင်တမံတစ်ခုဖြစ်ပြီး ကုဗမီတာ ၉၅.၅၂ သန်း (ကုဗပေ ၃.၃၇ ဘီလီယံ) ရေသိုလှောင်နိုင်စွမ်းရှိကာ အနီးအနားရှိ ကျေးရွာပေါင်း ၄၀ ကို စိုက်ပျိုးရေနှင့် သောက်သုံးရေ ပေးဝေလျက်ရှိသော အဓိကဆည်တစ်ခု ဖြစ်သည်။
လက်ရှိတွင် အပူပိုင်းမုန်တိုင်း 'မေဆက်' ၏ အရှိန်ကြောင့် နန်နင်းမြို့တော်နှင့် ကွေ့ကန် (Guigang) မြို့တို့တွင် ရာသီဥတုဆိုးရွားကာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်သေးသဖြင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အာဏာပိုင်များက နှိုးဆော်ထားသည်။



Comments