တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံကြီးတစ်ခုတွင် အကြီးအကျယ်မီးလောင်မှုဖြစ်ပွားရာ အလုပ်သမား ၂၈ ဦး သေဆုံး
- Horizons News

- Jul 10
- 1 min read
ကျင်းကျန်း ၊ ဇူလိုင် ၁၀ ၊ Horizons

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူကျန်းပြည်နယ်၊ ကျင်းကျန်း (Jinjiang) မြို့ရှိ "Huiteng" ဂျာကင်နှင့် ဖိနပ်ထုတ်လုပ်ရေး စက်ရုံကြီးတစ်ခုတွင် ယမန်နေ့ ဇူလိုင် ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၂၈ ဦး သေဆုံးသွားကြောင်း ဆင်ဟွာ (Xinhua) သတင်းဌာနက ဖော်ပြပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်တွင် စက်ရုံအတွင်း၌ အလုပ်သမားနှင့် ဧည့်သည် စုစုပေါင်း ၂၃၉ ဦး ရှိနေခဲ့ပြီး ၎င်းတို့အနက် ၂၁၃ ဦးကို အချိန်မီ ကယ်ဆယ်ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

သို့သော်လည်း ကယ်ဆယ်နိုင်ခဲ့သူများအနက် အလုပ်သမား ၂ ဦးမှာ ရရှိထားသော ပြင်းထန်ဒဏ်ရာများကြောင့် ဆေးရုံ၌ သေဆုံးခဲ့ရပြီး၊ ပိတ်မိနေသည့် အခြားအလုပ်သမား ၂၆ ဦး၏ ရုပ်အလောင်းများကိုမူ စက်ရုံအတွင်း၌ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ မီးသည် စက်ရုံ၏ မြေညီထပ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စက်ရုံအတွင်း ဖိနပ်ချုပ်ရာတွင် အသုံးပြုသည့် မီးလောင်လွယ်သော ကော် (Adhesives) များနှင့် အခြားကုန်ကြမ်းပစ္စည်းများ ရှိနေခြင်းကြောင့် မီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် အဆောက်အအုံတစ်ခုလုံးသို့ လျင်မြန်စွာ ကူးစက်သွားခဲ့တာပါ။
ထို့အပြင် စက်ရုံ၏ ထွက်ပေါက်နှင့် လှေကားထစ်များတွင် ကုန်ပစ္စည်းများကို ပိတ်ဆို့စုပုံထားခြင်းကြောင့် အလုပ်သမားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲခဲ့သလို၊ မီးသတ်သမားများ၏ ဝင်ရောက်ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း အကြီးအကျယ် နှောင့်နှေးစေခဲ့ပါတယ်။

အချို့သော အလုပ်သမားများသည် အသက်ဘေးမှလွတ်မြောက်ရန် စက်ရုံ၏ အပေါ်ဆုံးခေါင်မိုးပေါ်အထိ တက်ရောက်ကာ အကူအညီတောင်းခံခဲ့ကြရပါတယ်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်ရန်နှင့် ဖြစ်စဉ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး လက်ရှိတွင် စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ စက်ရုံ၏ ဘဏ်အကောင့်များကိုပါ ပိတ်သိမ်း အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။



Comments