top of page
Logo-Icon.png

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြေပြိုမှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ၊ နိုင်ငံတစ်ဝန်း မုန်တိုင်းနှင့် ရေဘေးတို့ကြောင့် ထိခိုက်မှုများပြား

ဗေဂျင်း ၊ ဇူလိုင် ၈ ၊ Horizons



တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဂန်ဆူး ပြည်နယ်၊ ဒန်ချန်း ခရိုင်ရှိ ရင်ချန်းကျေးရွာတွင် အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) နံနက်ပိုင်းက လူ (၃၃) ဦးကို ဖုံးလွှမ်းသွားခဲ့သည့် မြေပြိုမှုအတွင်း သေဆုံးသူ (၂၁) ဦးအထိ ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ယနေ့ (ဇူလိုင် ၈ ရက်) တွင် ဖော်ပြသည်။


လက်ရှိတွင် အဆိုပါ မြေပြိုသည့်နေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ပြီး၊ ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ယွမ် သန်း (၃၀) (အမေရိကန်ဒေါ်လာ ၄.၄ သန်း) သတ်မှတ်ချထားပေးခဲ့ကြောင်း သိရသည်။



အလားတူ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင်လည်း ပြင်းထန်သည့် မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ (၁၇) ဦးထက်မနည်း သေဆုံးကာ လူ (၃၃၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ဟူဘေး ပြည်နယ် အရှေ့ပိုင်းတွင် မိုးကြိုးမုန်တိုင်းနှင့် ရှားပါး EF2 အဆင့် လေဆင်နှာမောင်း တိုက်ခတ်မှုတို့ကြောင့် နေအိမ် အလုံး (၄,၈၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူ (၁) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။


ထို့ပြင် တောင်ပိုင်းရှိ ဂွမ်ရှီး (ဒေသတစ်ဝန်းတွင်လည်း မြစ်ချောင်း (၄၀) ခန့် ရေလျှံကာ ရေလှောင်တမံတစ်ခု ကျိုးပေါက်ခဲ့သဖြင့် လူပေါင်း သောင်းနှင့်ချီ ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်။ ဒေသတွင်းရှိ ရေလှောင်တမံ ၃၄၁ ခုမှာ ရေထိန်းချုပ်မှု ကန့်သတ်ချက်ထက် ကျော်လွန်နေသဖြင့် ထပ်မံမြေပြိုမှုများနှင့် အဆောက်အအုံ ပြိုကျမှု အန္တရာယ်များ မြင့်မားနေကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။


ယင်းကဲ့သို့ ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အစွမ်းကုန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားပြီး ဂွမ်ရှီးနှင့် ကွမ်တုံ (ပြည်နယ်တို့တွင် မိုးဆက်လက် ရွာသွန်းနိုင်သေးကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။


(ကိုးကား - Xinhua / CCTV)

Photo - AFP


Comments


bottom of page