top of page
Logo-Icon.png

တရုတ် - လာအို ရထားလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း (၂၀) ကျော်လွန်

ကူမင်း ၊ ဇူလိုင် ၉ ၊ Horizons



၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ရထားလမ်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှု ပမာဏသည် ယခုအခါ စုစုပေါင်း တန်ချိန် သန်း (၂၀) ကျော်လွန်သွားပြီဖြစ်ရာ ယင်းသည် ဤနိုင်ငံတကာ မီးရထားစင်္ကြံလမ်းကြောင်းအတွက် နောက်ထပ် မှတ်တိုင်သစ်တစ်ခု ဖြစ်လာကြောင်း ဒေသဆိုင်ရာ ရထားလမ်းအာဏာပိုင်များက ပြောကြားသည်။


တရုတ်မီးရထား ကူမင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအထိ အဆိုပါ ရထားလမ်းပိုင်းသည် နယ်စပ်ဖြတ်ကျော် ကုန်စည်တန်ချိန် သန်း (၂၀) ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကုန်တင်ရထား ခရီးစဉ်ပေါင်း (၂၃,၀၀၀) ကျော် ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရထားလမ်း စတင်ပြေးဆွဲချိန်မှစ၍ တရုတ်နှင့် လာအို ရထားလမ်းအာဏာပိုင်များသည် ကုန်စည်ပို့ဆောင်ရေး စနစ်တကျရှိစေရန်နှင့် သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် မြင့်မားစေရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ နယ်စပ်ဖြတ်ကျော် ကုန်စည်ပမာဏမှာ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ရထားလမ်းသည် စတင်ပြေးဆွဲသည့် ပထမတစ်နှစ်အတွင်းမှာပင် ကုန်စည်တန်ချိန် ၁ သန်းကျော် ပို့ဆောင်နိုင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ကုန်တွင် တန်ချိန် ၅ သန်းကျော်နှင့် ၂၀၂၄ ခုနှစ် ကုန်တွင် တန်ချိန် ၁၀ သန်းကျော်အထိ တိုးတက်ပို့ဆောင်နိုင်ခဲ့သည်။


ယခု ၂၀၂၆ ခုနှစ်အတွင်း၌လည်း ကုန်စည်ပို့ဆောင်မှု ပမာဏသည် အားကောင်းသော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရာ လက်ရှိအချိန်အထိ နယ်စပ်ဖြတ်ကျော် ကုန်စည် စုစုပေါင်း ၃.၁၆ သန်းကို ပို့ဆောင်ထားပြီး တစ်ရက်လျှင် ပျမ်းမျှ တန်ချိန် ၁၇,၀၀၀ ခန့် ပို့ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် ယမန်နှစ်ကထက် ပိုမိုတိုးတက်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ပေးသည့် အရေးပါသော ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုအဖြစ် ပိုမိုခိုင်မာလာစေသည်။


လက်ရှိတွင် အဆိုပါ ရထားလမ်းပိုင်းသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုအထိ ကုန်စည်များကို ချိတ်ဆက် သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး၊ သယ်ယူပို့ဆောင်သည့် ကုန်စည်အမျိုးအစားမှာလည်း ရထားလမ်း စတင်ဖွင့်လှစ်စဉ်က ၁၀ မျိုးကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ကုန်စည်အမျိုးအစားပေါင်း ၃,၈၀၀ ကျော်အထိ တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page