ထိုင်းတွင် အထောက်အထားမဲ့မြန်မာများ တင်ဆောင်လာသည့်ယာဉ် ဓာတ်တိုင်ဝင်တိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ
- Horizons News

- Jun 24
- 1 min read
ထိုင်း၊ ဇွန် ၂၄ ၊ Horizons

ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင် (Phetchaburi) တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၉ နာရီဝန်းကျင်ခန့်က ဖက်ချ်ဘူရီခရိုင်၊ ထာ့ယမ် (Tha Yang) မြို့နယ်ရှိ ဖက်ကစန် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာယာဉ်မောင်း အပါအဝင် စုစုပေါင်း လူ ၁၇ ဦး လိုက်ပါလာသည့် အဆိုပါယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် ကားအတွင်းညှပ်နေသည့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များအသုံးပြု၍ ထုတ်ယူခဲ့ရသော်လည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အပြင်းအထန် ဒဏ်ရာရရှိသူ ၂ ဦးကိုမူ နီးစပ်ရာဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
ယာဉ်တိမ်းမှောက်ပြီးနောက် ကားပေါ်ပါလာသူများအနက် ၁၄ ဦးမှာ လမ်းဘေးတောအုပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရာ ၅ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း ယာဉ်မောင်းအပါအဝင် ကျန် ၉ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ကနဦး စစ်ဆေးချက်များအရ အဆိုပါ မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ကာ ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းမှတစ်ဆင့် စန်ခရာဘူရီ (Sangkhlaburi) ဒေသသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ထားပြီး လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူများနှင့် လူမှောင်ခိုကွန်ရက် ပါဝင်ပတ်သက်သူများကို အရှိန်အဟုန်မြှင့် ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။









Comments