ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၂၄) ဦး နေရာအသီးသီး၌ ဆက်တိုက် ဖမ်းဆီးခံရ
- Horizons News

- Jun 21
- 1 min read
ထိုင်း၊ ဇွန် ၂၁ ၊ Horizons

ထိုင်းနိုင်ငံ လော့ပူရီ၊ မဲဆောက်နှင့် ရနောင်းခရိုင်တို့တွင် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၂၄) ဦးကို ထိုင်းအာဏာပိုင်များက နေရာအသီးသီး၌ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၁။ လော့ပူရီခရိုင် ဖမ်းဆီးမှု (မြန်မာ ၁၇ ဦး)
ယနေ့ ဇွန်လ (၂၀) ရက်နေ့ နံနက်အစောပိုင်းက လော့ပူရီ (Lopburi) ခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုတွင် ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာမှ ကားနောက်ခန်းအတွင်း လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၁၇) ဦးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးချက်များအရ ၎င်းတို့ကို နခွန်စဝမ် (Nakhon Sawan) ခရိုင်မှ သရက်ပူရီ (Saraburi) ခရိုင်သို့ ပို့ဆောင်ပေးရန် လူတစ်ဦးလျှင် ဘတ် ၁,၀၀၀စီ အခကြေးငွေယူကာ ပွဲစားနှင့် ယာဉ်မောင်းတို့က တင်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်အရေးယူထားသည်။
၂။ မဲဆောက်မြို့နယ် ဖမ်းဆီးမှု (မြန်မာ ၃ ဦး)
ဇွန်လ (၁၈) ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မယ်ကဆာ (Mae Kasa) ကျေးရွာအုပ်စုရှိ သောင်ရင်းမြစ်ကမ်းဘေး တစ်နေရာတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာအမျိုးသား (၃) ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ရေးအတွက် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ရွှေ့ပြောင်းအလုပ်သမားများ ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းထားရှိသည်။
၃။ ရနောင်းခရိုင် ဖမ်းဆီးမှု (မြန်မာ ၄ ဦး)
ရနောင်းခရိုင် နယ်စပ်ရေပြင်ပိုင်နက်အတွင်း ဇွန်လ (၁၆) ရက်နေ့က ရေလမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၂) ဦးကို ရေတပ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး၊ ဇွန်လ (၁၈) ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နောက်ထပ် တရားမဝင် ခိုးဝင်လာသူ မြန်မာ (၂) ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူ (၄) ဦးကိုလည်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ရန် ရနောင်းမြို့မရဲစခန်းနှင့် လဝက ဌာနများသို့ လွှဲပြောင်းထားကြောင်း သိရှိရသည်။



















Comments