ထိုင်းနိုင်ငံတွင် အသက် (၁၁) နှစ်အရွယ် ကလေးငယ် ကားခိုးမောင်းကာ ဝင်တိုက်မိသဖြင့် သံဃာတော် (၈) ပါး ပျံလွန်တော်မူပြီး (၁၃) ပါး ဒဏ်ရာပြင်းထန်
- Horizons News

- Jul 2
- 1 min read
မုဒ္ဒဟန် ၊ ဇူလိုင် ၂ ၊ Horizons

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မုဒ္ဒဟန်ခရိုင်တွင် အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မိဘ၏ကားကို ခိုးယူမောင်းနှင်လာရာမှ ဒေသစာရီကြွချီလာသည့် သံဃာတော်များကို ဝင်တိုက်မိခဲ့သဖြင့် သံဃာတော် (၈) ပါး ပျံလွန်တော်မူခဲ့ကြောင်း အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သံဃာတော် (၅) ပါး ပျံလွန်တော်မူခဲ့ပြီး ဆေးရုံသို့အရောက်တွင် သံဃာ (၃) ပါး ထပ်မံပျံလွန်တော်မူခဲ့သည်။ ထို့အပြင် အခြားရဟန်းသံဃာ (၁၃) ပါးမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် အရေးပေါ် ဆေးကုသမှုများ ခံယူနေရသည်။
ယင်း ဒေသစာရီကြွချီလာသည့် အဖွဲ့တွင် ရဟန်းသံဃာ (၃၄) ပါးနှင့် လူပုဂ္ဂိုလ် (၅) ဦးတို့ ပါဝင်ပြီး မုဒ္ဒဟန်မြို့မှ ဥဘွန်ရတ်ချာထာနီခရိုင်သို့ ဦးတည်ကာ ခြေလျင်လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ အသက် (၁၁) နှစ်အရွယ် ကလေးငယ်ကို ရဲတပ်ဖွဲ့က လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။
အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ ကလေးငယ်သည် မိဘအုပ်ထိန်းသူ၏ ကားကို ခိုးယူမောင်းနှင်လာခြင်းဖြစ်ပြီး ဒွန်တန်မြို့နယ်ဘက်မှ မူအန်းမြို့နယ်ဘက်သို့ လမ်းပြောင်းပြန် မောင်းနှင်လာရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။







Comments