top of page
Logo-Icon.png

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး အရက်ဘားတစ်ခုတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား၊ ၂၇ ဦးသေဆုံးပြီး ၂၂ ဦး စိုးရိမ်ရ

ဘန်ကောက် ၊ ဇူလိုင် ၁၃ ၊ Horizons



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး အရက်ဘား (Pub) တစ်ခုတွင် ပြင်းထန်သော မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး အခြား ၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။ ယင်းဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဘန်ကောက်ခရီးသွားဗဟိုချက်တွင် ဖြစ်ပွားခဲ့သော အဆိုးရွားဆုံး မီးလောင်မှုကြီးတစ်ခုဖြစ်သည်။


တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့သော ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် က "လက်ရှိမှာ ရုပ်အလောင်း ၂၇ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ကျန်တဲ့သူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားပါတယ်" ဟု ပြောကြားခဲ့သည်။


အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ ဘန်ကောက်မြို့ ချက်တူချပ် ခရိုင်ရှိ အဆိုပါဘားတွင် မီးစတင်လောင်ကျွမ်းပြီးနောက် အခိုးအငွေ့များ လျင်မြန်စွာ ပြည့်နှက်သွားခဲ့ကြောင်း၊ လူအများအပြားမှာ ရေချိုးခန်းများရှိရာ အဆောက်အအုံအနောက်ဘက်သို့ ထွက်ပြေးခဲ့ကြသော်လည်း ထိုနေရာတွင် မီးဘေးလွတ်မြောက်ရာ ထွက်ပေါက်များ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။



ဘန်ကောက်မြို့တော် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆူရီယာချိုင်းက ဒဏ်ရာရရှိသူ ၆၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသူအရေအတွက်မှာ ၂၇ ဦးတွင် တည်ငြိမ်နေကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ 


ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် ကမူ ဒဏ်ရာရရှိသူများအနက် ၂၂ ဦးမှာ အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း သတင်းထောက်များကို အတည်ပြုခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ မီးမှာ စင်မြင့်အရှေ့ဘက်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် နေရာအနှံ့သို့ ကူးစက်လောင်ကျွမ်းနေပြီဖြစ်ကြောင်း သိရသည်။



"Rong Beer Na Lat Phrao" အမည်ရ အဆိုပါဘားသို့ ပထမဆုံးရောက်ရှိလာသည့် မီးသတ်ကားမှ အသက် ၄၅ နှစ်အရွယ် မီးသတ်သမား ချက္ကရစ်က "မီးလောင်မှုက သိပ်မပြင်းထန်ပေမယ့် အခိုးအငွေ့တွေကတော့ အဆောက်အအုံတစ်ခုလုံး ရာခိုင်နှုန်းပြည့် ဖုံးလွှမ်းနေတယ်။ အသက်ရှင်ကျန်ရစ်သူ အများစုက အခိုးအငွေ့တွေ မွန်းကျပ်နေခဲ့ကြတာပါ" ဟု ပြောပြသည်။


အခင်းဖြစ်ပွားရာ ဘားတွင် တီးခတ်နေသော တီးဝိုင်းအဖွဲ့ဝင်တစ်ဦးကလည်း လျှပ်စစ်မီးများ ရုတ်တရက်ပြတ်တောက်သွားပြီးနောက် အခန်းတွင်း၌ အခိုးအငွေ့များ ချက်ချင်းပြည့်နှက်လာကာ ဧရာမပေါက်ကွဲမှုကြီးတစ်ခုနှင့်အတူ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများကို ဖြေကြားခဲ့သည်။ "ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘယ်သူမှ ထွက်မပြေးနိုင်ကြဘဲ ကြမ်းပြင်ပေါ်မှာ လဲကျပြီး အကူအညီတောင်းနေကြတာကို တွေ့ရတယ်" ဟု ၎င်းက ပြန်လည်ပြောပြသည်။


မြို့တော်ဝန် ချတ်ချတ်က အဆိုပါဘားသည် တရားဝင်ခွင့်ပြုချက်များ ရရှိထားပြီး မီးဘေးထွက်ပေါက်များလည်း ရှိသော်လည်း မီးကူးစက်မှု လွန်စွာမြန်ဆန်ပြီး အခိုးအငွေ့များ ပြည့်နှက်သွားသဖြင့် ဖောက်သည်များ ထွက်ပြေးရန် ခက်ခဲသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။ 


လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် မှုခင်းဆေးပညာရှင်များက သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း 

အတည်ပြုနိုင်ရန်နှင့် အသေးစိတ်ကို ဆက်လက်စစ်ဆေးလျက်ရှိသည်။


( ကိုးကား / Photo - Reuters )


Comments


bottom of page