top of page
Logo-Icon.png

ထိုင်းနယ်စပ်အနီး ထိုးစစ်ဆင်ရန် အကြမ်းဖက်စစ်ကောင်စီက တပ်မများကို အလှည့်ကျ အစားထိုးလှုပ်ရှားနေ

မြဝတီ ၊ ဇူလိုင် ၂၅ ၊ Horizons



ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ မဟာဗျူဟာကျသော ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီသည် ရှေ့တန်းတပ်များကို အလှည့်ကျ အစားထိုးကာ အရှိန်မြှင့် ထိုးစစ်ဆင်လျက်ရှိကြောင်း ဒေသခံ စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။


မြဝတီမြို့ တောင်ဘက်ရှိ ဖလူးနှင့် မင်းလက်ပန်ရွာများအနီး တိုက်ပွဲများအတွင်း ပြင်းထန်စွာ အထိနာခဲ့သည့် စစ်ကောင်စီ၏ ခြေလျင်တပ်မ (၅၅) ကို ရှေ့တန်းမှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ၎င်းတို့နေရာတွင် ခြေလျင်တပ်မ (၂၂) နှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့အသစ်များဖြင့် အစားထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ 


မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း (၂၇၅) ဗျူဟာကွပ်ကဲမှု၏ အမိန့်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် တပ်မ (၅၅) စစ်ကြောင်းများ စတင်ဆုတ်ခွာခဲ့ပြီးနောက် တပ်မ (၂၂) အစိတ်အပိုင်းများ ပါဝင်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၃) လက်အောက်ခံ တိုက်ခိုက်ရေးစစ်ကြောင်းများက နယ်မြေစိုးမိုးရေး ထိုးစစ်များကို ပြန်လည်စတင်လာခဲ့သည်။


"ဇူလိုင် ၁၅ ရက်အထိ တပ်မ (၅၅) ရဲ့ ထိုးစစ်တွေဟာ အကြိမ်ကြိမ် တွန်းလှန်ခံခဲ့ရပြီး အဓိက တပ်ရင်းတွေ ထိခိုက်ကျဆုံးမှု များခဲ့ပါတယ်။ 


စစ်ကောင်စီဘက်က တပ်မ (၅၅) ကို ဘားအံမြို့ဘက် ပြန်ဆွဲထုတ်သွားပြီး စစ်ကြောင်းအသစ်တွေကို မင်းလက်ပန်ဘက် ချီတက်ခိုင်းတာပါ။ 


အခု ပေါ်ထွက်နေတဲ့ အဓိကနေရာနှစ်ခုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်" ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ရဲဘော်တစ်ဦးက ပြောကြားသည်။


ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် ဘားအံမြို့သို့ ဆုတ်ခွာလာသည့် တပ်မ (၅၅) တပ်ဖွဲ့ဝင်များ လိုက်ပါလာသော စစ်ကား (၂၀) ခန့်ပါ ယာဉ်တန်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက အတည်ပြုသည်။


ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မြဝတီမြို့သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကားတစ်စီးသည် အာရှအဝေးပြေးလမ်းမကြီး (AH 1) ကွန်းသီးတောလမ်းကွေ့အနီးတွင် တိမ်းမှောက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးပြီး (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ဆိုသည်။


လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများသည် KNU တပ်မဟာ (၆) ထိန်းချုပ်ထားသော နယ်မြေအတွင်း ဗဟိုပြုနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကိုပါ အသုံးပြုကာ အင်အားထောင်ပေါင်းများစွာဖြင့် နယ်စပ်ဒေသများကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page