top of page
Logo-Icon.png

ဖလမ်းမြို့နယ်တွင် ဖုန်းအတွင်း CDF စစ်ဝတ်စုံဖြင့် ရိုက်ထားသည့် ဓာတ်ပုံတွေ့ရှိမှုကြောင့် ခရီးသွားလူငယ်တစ်ဦး ဖမ်းဆီးခံရ

ဖလမ်း ၊ ဇူလိုင် ၂၅ ၊ Horizons



ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ စီဇာမွာလ်ကျေးရွာအနီးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၌ ခရီးသွားလူငယ်တစ်ဦး၏ ဖုန်းအတွင်းမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေပိုင်းက ကလေးမြို့ဘက်မှ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးကို စီဇာမွာလ်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 


ထိုသို့ တားဆီးစစ်ဆေးစဉ် ခရီးသည်များ၏ နိုင်ငံသားစိစစ်ရေးကတ်များနှင့် မိုဘိုင်းဖုန်းများကို အသေးစိတ် စစ်ဆေးခဲ့ရာ ဟားခါးမြို့မှ အမျိုးသားတစ်ဦး၏ ဖုန်းထဲတွင် CDF-Hakha တံဆိပ်ပါ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဓာတ်ပုံများ တွေ့ရှိခဲ့သဖြင့် ၎င်းအား စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းသွားခဲ့ခြင်း ဖြစ်သည်။


"သူက တော်လှန်ရေးအဖွဲ့ဝင် ဟုတ်၊ မဟုတ်တော့ မသိရပါဘူး။ ဒါပေမဲ့ ဖုန်းထဲမှာ CDF-Hakha စစ်ဝတ်စုံနဲ့ အရင်က ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေ ကျန်နေခဲ့လို့ အခုလို ဖမ်းဆီးခံလိုက်ရတာပါ" ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားသည်။


ယခု ဖမ်းဆီးမှုဖြစ်ပွားခဲ့သည့် စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း စီဇာမွာလ်ကျေးရွာအနီးတွင် အသစ်ထပ်မံ ဖွင့်လှစ်တပ်စွဲထားသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။ 


လက်ရှိတွင် စစ်ကောင်စီတပ်သည် လမ်းခရီးသွားလာသည့် ပြည်သူများ၏ ဖုန်းများနှင့် ကိုယ်ရေးအချက်အလက်များကို ဂိတ်များချကာ တင်းကျပ်စွာ စစ်ဆေးလျက်ရှိသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့ဖုန်းအတွင်းရှိ သံသယဖြစ်ဖွယ်ရာ ဓာတ်ပုံများနှင့် အချက်အလက်များကို ကြိုတင်ဖျက်ဆီး ရှင်းလင်းထားကြရန် ဒေသခံများက အထူးသတိပေး နှိုးဆော်ထားသည်။


Comments


bottom of page