ထိုင်းဘုရင်၏ သမီးတော်အကြီးဆုံး သက်တော် ၄၇ နှစ်အရွယ်တွင် ကာလရှည်ဖျားနာပြီးနောက် ကံတော်ကုန်ကြောင်း နန်းတော်ထုတ်ပြန်
- Horizons News

- 5 hours ago
- 1 min read
ဘန်ကောက်၊ ဇွန် ၁၂ ၊ Horizons

ထိုင်းဘုရင် မဟာဝဇိရာလင်္ကရဏ (Maha Vajiralongkorn) ၏ သမီးတော်အကြီးဆုံးဖြစ်သူ မင်းသမီး ဗာဂျရာကစ်တီယာဘာ (Bajrakitiyabha) သည် လေးနှစ်နီးပါးခန့် သတိလစ်မေ့မြောနေခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ်တွင် ကံတော်ကုန်သွားပြီဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်က ယနေ့ သောကြာနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
မင်းသမီးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက နှလုံးရောဂါနှင့် အခြားသော ပိုးဝင်ကူးစက်မှုများကြောင့် ရုတ်တရက် လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ ထိုအချိန်မှစ၍ သတိလစ်မေ့မြော (Coma) နေခဲ့ခြင်းဖြစ်သည်။
မေလ ၂၁ ရက်နေ့တွင် ကိုယ်တွင်းအင်္ဂါများစွာ၌ ရောဂါပိုးဝင်ရောက်မှုများကြောင့် မင်းသမီး၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး ဆရာဝန်များအနေဖြင့် ၎င်း၏ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သိရသည်။
နှစ်အတန်ကြာ ဆေးကုသမှုခံယူပြီးနောက် ပြီးခဲ့သည့် ဧပြီလအတွင်းက အစာအိမ်ရောဂါပိုးဝင်မှုမှတစ်ဆင့် အူလမ်းကြောင်းရောင်ရမ်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး သွေးပေါင်ချိန်ကျဆင်းကာ နှလုံးခုန်နှုန်း မမှန်ဖြစ်စေခဲ့ကြောင်း ဆရာဝန်များက တွေ့ရှိခဲ့ကြသည်။
ဗြိတိန်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့တွင် ပညာသင်ကြားခဲ့သော မင်းသမီးသည် ကုလသမဂ္ဂတွင် ရာထူးတာဝန်များစွာကို ထမ်းဆောင်ခဲ့ဖူးပြီး အကျဉ်းထောင်များအတွင်းရှိ အမျိုးသမီးများအပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံတွင် "Princess Bha" (မင်းသမီး ဘာ) ဟု လူသိများသည့် သက်တော် ၄၇ နှစ်အရွယ် မင်းသမီးသည် ခမည်းတော်ဖြစ်သူနှင့် အလွန်ရင်းနှီးသူအဖြစ် ရှုမြင်ခံရပြီး ၎င်းဆေးရုံမတက်ရမီ တစ်နှစ်အလိုက ဘုရင့်သက်တော်စောင့်တပ်ဖွဲ့တွင် အဆင့်မြင့်တာဝန်တစ်ရပ်ကို ခန့်အပ်ခံခဲ့ရသူလည်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကလည်း ထိုင်းနိုင်ငံ၏ ဩဇာတိက္ကမကြီးမားသော မိဖုရားခေါင်ကြီး (Queen Mother) သည် သက်တော် ၉၃ နှစ်အရွယ်တွင် ကံတော်ကုန်သွားခဲ့ကြောင်း ဆက်လက်သိရှိရသည်။



Comments