top of page
Logo-Icon.png

မြန်မာနယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

  • 4 hours ago
  • 1 min read

ရန်ကုန်၊ ဇွန် ၁၂ ၊ Horizons



မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း၌ ကြီးမားကျယ်ပြန့်စွာ လည်ပတ်နေသော ကျားဖြန့် (အွန်လိုင်းငွေလိမ်) ဂိုဏ်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က ပြောကြားလိုက်သည်။


ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ အစိုးရအိမ်တော်တွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှောင် ကေ အိုနေးလ်၊ အမေရိကန် FBI ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူးချုပ် အင်ဒရူး ဘိုင်လေနှင့် အမေရိကန်သံရုံး ဥပဒေအရာရှိ ဘင်ဂျမင် ဂျီ ဗားချူးတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် လည်ပတ်နေသည့် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။


ယခုကဲ့သို့ လာရောက်တွေ့ဆုံမှုသည် ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော "ဒီဂျစ်တယ်ခေတ်အတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများကို နှိမ်နင်းရေး" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် (၂၆) ကြိမ်မြောက် FBI အမျိုးသားအကယ်ဒမီ မဟာမိတ်အဖွဲ့ (FBINAA) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။


ထိုင်းရတ် (Thairath) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ တရားဥပဒေစိုးမိုးရေးနှင့် ရဲတပ်ဖွဲ့ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် ရတ်ချဒါ သနဒီရက်က ယခုခေတ်တွင် ဆိုက်ဘာရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကဲ့သို့သော လုံခြုံရေးခြိမ်းခြောက်မှုများသည် ပိုမိုရှုပ်ထွေးလာပြီး နယ်နိမိတ်မရှိ ဖြစ်လာသောကြောင့် မည်သည့်နိုင်ငံမျှ တစ်ဦးတည်း ဖြေရှင်း၍မရနိုင်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် နည်းပညာ၊ လူသားအရင်းအမြစ်နှင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးစနစ်များကို မြှင့်တင်ကာ FBI အပါအဝင် နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။


သတင်းထောက်များက အမေရိကန် FBI နှင့် မည်သည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့သနည်းဟု မေးမြန်းရာတွင်မူ ဝန်ကြီးချုပ် အနုတင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်များကို ကဏ္ဍစုံမှာ ချီးကျူးခဲ့ကြသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။


ညီလာခံဖြစ်မြောက်အောင် စီစဉ်သူများနှင့် FBI တာဝန်ရှိသူများက ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ချီးကျူးခဲ့ကြသည်။


အထူးသဖြင့် ထိုင်းအာဏာပိုင်များ၏ ထောက်လှမ်းရေးသတင်းများ အပြန်အလှန် မျှဝေပေးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာနယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများကို စုံစမ်းစစ်ဆေး နှိမ်နင်းမှု၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှုများကို ထိရောက်စွာ ပူးပေါင်းတိုက်ဖျက်မှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


ယခုကဲ့သို့ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရာဇဝတ်ကောင်များကို ထိရောက်စွာ အရေးယူနိုင်ခြင်း၊ ရာဇဝတ်မှုမှရရှိသော ဒစ်ဂျစ်တယ်ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို လိုက်လံသိမ်းဆည်းနိုင်ခြင်းနှင့် လူကုန်ကူးခံရသည့် သားကောင်များကို ကူညီကယ်ဆယ်ပေးနိုင်ခြင်း စသည့် သိသာထင်ရှားသော တိုးတက်မှုရလဒ်များ ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က မှတ်ချက်ပြုထားသည်။

Comments


bottom of page