top of page
Logo-Icon.png

ထိုင်း-လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းတွင် စိတ်ကြွဆေးပြား ၅.၅ သန်းကျော် စံချိန်တင် ဖမ်းဆီးရမိ

ဇူလိုင် ၂ ၊ Horizons



ထိုင်း-လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးတွင် ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက်အစောပိုင်းက ထိုင်းပူးပေါင်းလုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမှုတစ်ရပ် ပြုလုပ်ခဲ့ရာ စိတ်ကြွဆေးပြား ၅ ဒသမ ၅ သန်းကျော်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


လာအိုနိုင်ငံဘက်မှ စက်တပ်မော်တော်အရှည်တစ်စီးဖြင့် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းလာမည်ဖြစ်ကြောင်း ကြိုတင်သတင်းရရှိထားသဖြင့် မဲခေါင်မြစ်ကြောင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (NRK) နှင့် ဒေသခံလုံခြုံရေးအဖွဲ့များက ဘန်းကန်ခရိုင်၊ ဘန်သာခရိုင်ရွာအနီးရှိ မြစ်ကမ်းဘေးတွင် သွားရောက်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။


ယနေ့ နံနက် ၃ နာရီအချိန်ခန့်တွင် မှောင်ခိုသမားများသည် စက်လှေပေါ်မှ မူးယစ်ဆေး (၁၄) အိတ်ကို ကမ်းစပ်၌ အသင့်စောင့်ဆိုင်းနေသည့် ကားနှစ်စီးပေါ်သို့ ပြောင်းရွှေ့တင်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ကာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သည်။ 


ထိုသို့ ဝင်ရောက်စီးနင်းစဉ် မူးယစ်မှောင်ခိုသမားများသည် မဲခေါင်မြစ်ထဲသို့ ခုန်ချကာ စက်လှေဖြင့် လာအိုနိုင်ငံဘက်သို့ ပြန်လှည့်မောင်းနှင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။


သို့သော်လည်း ၎င်းတို့ချန်ထားရစ်ခဲ့သည့် မူးယစ်ဆေးအိတ်များနှင့်အတူ ကားနှစ်စီး၊ လက်ကိုင်ဖုန်းများနှင့် ဒစ်ဂျစ်တယ်ချိန်ခွင်တစ်ခုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။


ယခုကဲ့သို့ ကြီးမားသည့် ဖမ်းဆီးရမိမှုသည် အဖွဲ့အစည်းပေါင်းစုံမှ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့်ဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 


လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသည့် ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် သိမ်းဆည်းရမိထားသော သက်သေခံပစ္စည်းများမှတစ်ဆင့် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။



Comments


bottom of page