ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုမလုပ်ရန် အမေရိကန်လုပ်ငန်းများကို တရုတ်က ဟန့်တားနေကြောင်း အမေရိကန်ပြောကြား
- Horizons News

- Jun 25
- 1 min read
တိုင်ပေ၊ ဇွန် ၂၅ ၊ Horizons

တရုတ်နိုင်ငံသည် အမေရိကန် ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကုမ္ပဏီများကို ဆက်သွယ်ကာ ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရန် ဟန့်တားနေပြီး အမေရိကန်၏ မူဝါဒကိုလည်း မှားယွင်းစွာ ပုံဖော်နေကြောင်း အမေရိကန် အစိုးရဌာန ၃ ခုက ပူးတွဲပေးပို့သည့်စာများတွင် ဖော်ပြလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဌာန၊ စိုက်ပျိုးရေးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့က ပူးတွဲရေးသားသော အဆိုပါစာများကို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် စီးပွားရေးခေါင်းဆောင်များထံ ဇွန်လ ၁၆ ရက်နေ့ကတည်းက ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်ရှိ အမေရိကန်သံရုံးကိုယ်စားလှယ်ရုံးက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် အမေရိကန် ဒေသဆိုင်ရာ အစိုးရရုံးများနှင့် စီးပွားရေးလုပ်ငန်းများကို ပုံမှန်ဆက်သွယ်ကာ ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ဖိအားပေးလေ့ရှိကြောင်း အဆိုပါစာများတွင် ဖော်ပြထားသည်။
ထို့ပြင် တရုတ်အစိုးရ၏ ထိုင်ဝမ်အပေါ်ထားရှိသည့် သဘောထားကို အမေရိကန်က လက်ခံထားသယောင် အမေရိကန်မူဝါဒကို အလွဲသုံးစားလုပ် ပြောဆိုလေ့ရှိသည်ဟုလည်း ဆိုသည်။
အကယ်၍ တရုတ်အရာရှိများဘက်မှ ယခုကဲ့သို့ ဖိအားပေး ဆက်သွယ်လာမှုများရှိပါက နိုင်ငံခြားရေးဌာနသို့ အကြောင်းကြားရန် အမေရိကန်အစိုးရက တိုက်တွန်းထားသည်။
အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း အမေရိကန်သည် ထိုင်ဝမ်၏ အဓိက နိုင်ငံတကာကျောထောက်နောက်ခံနှင့် လက်နက်ထောက်ပံ့သူ ဖြစ်သည်။
ထိုင်ဝမ်သည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး အမေရိကန်၏ အရေးပါသော မိတ်ဖက်ဖြစ်သောကြောင့် ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ဆက်လက်တိုးချဲ့ အသုံးချသွားရန် အမေရိကန်အစိုးရက ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းထားကြောင်း သိရှိရသည်။
(Reuters သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကားရေးသားပါသည်)



Comments