လားရှိုးမြို့တွင် ပရောဂနှင်သည်ဟုဆိုကာ မိသားစုဝင်များက ဝိုင်းဝန်းရိုက်နှက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံး
- Horizons News

- 3 hours ago
- 1 min read
လားရှိုး ၊ ဇွန် ၁၆ ၊ Horizons

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၁၂) ရက် ညနေပိုင်းက ပရောဂနှင်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူနှင့် မိသားစုဝင်များက ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှ တအာင်းလူမျိုးတစ်ဦးဖြစ်သည်။
ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ၏ ဖခင် (သင်းအုပ်ဆရာတစ်ဦး) နှင့် မိသားစုဝင်များက နေအိမ်ကို သော့ခတ်ကာ ချွေးမဖြစ်သူအား ပရောဂနှင်သည်ဟုဆိုပြီး လူလေးဦးပေါင်း၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။
ထိုသို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရမှုကြောင့် အဆိုပါအမျိုးသမီးမှာ ဦးခေါင်းကို နံရံနှင့် ဆောင့်မိကာ ဦးခွံလေးနေရာ ကွဲအက်သွားသည့်အပြင်၊ လည်ပင်းရိုးကျိုးကာ ဒဏ်ရာအချက်ပေါင်းများစွာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ ခင်ပွန်းဖြစ်သူ၊ ယောက္ခထီးဖြစ်သူနှင့် မိသားစုဝင် အမျိုးသမီးနှစ်ဦးတို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ မည်သို့ ဆက်လက်အရေးယူမည်ကိုမူ အတိအကျ မသိရသေးပေ။



Comments