နမ့်ခမ်းမြို့နယ်တွင် နေအိမ်ပေါ် သစ်ပင်လဲကျသဖြင့် အမွှာကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသစရိတ် အကူအညီများ လိုအပ်နေ
- Horizons News

- Jun 10
- 1 min read
နမ့်ခမ်း ၊ ဇွန် ၁၀ ၊ Horiozns

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ပန်ရုပ်ကျေးရွာအုပ်စု၊ အထက်ပန်ရုပ်ကျေးရွာတွင် ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်ပိကျမှုဖြစ်ပွားခဲ့ရာ အသက် (၅) နှစ်အရွယ် အမွှာမောင်နှမနှစ်ဦး အပါအဝင် မိသားစုဝင်လေးဦးစလုံး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က အဆိုပါကျေးရွာရှိ ၎င်းတို့၏ နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်သည်။
ထိုသို့ သစ်ပင်ပိကျမှုကြောင့် အိမ်တွင်း၌ရှိနေသော အသက် ၅ နှစ်အရွယ် အမွှာမောင်နှမဖြစ်သူ ယောကျ်ားလေးနှင့် မိန်းကလေး၊ အသက် ၄၀ အရွယ် မိခင်ဖြစ်သူနှင့် ၎င်းတို့၏ ဒေါ်လေးဖြစ်သူ မိသားစုဝင် လေးဦးစလုံး နေရာတွင်ပင် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူများကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ရသည်။
ယင်းတို့အနက် အမွှာမိန်းကလေးငယ်၏ ဒဏ်ရာမှာ အလွန်ပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေရှိသဖြင့် နမ့်ခမ်းပရဟိတကရုဏာအသင်း၏ အကူအညီဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ထားရကြောင်း သိရသည်။
လက်ရှိတွင် သစ်ပင်ပိကျမှုကြောင့် ၎င်းတို့၏ နေအိမ်မှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
အဆိုပါမိသားစုမှာ အခြေခံလူတန်းစား ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့်အတွက် ယခုကဲ့သို့ ရုတ်တရက် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ထိခိုက်ဒဏ်ရာရရှိချိန်တွင် ဆေးဝါးကုသစရိတ်နှင့် စားနပ်ရိက္ခာများအတွက် စေတနာရှင်များ၏ ငွေကြေးအကူအညီများကို အလွန်အမင်း လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားထားသည်။



Comments