ပြင်သစ်မှာ အပျော်တမ်း လေထီးခုန်တဲ့ လေယာဉ် ပျက်ကျ၊ ၁၁ ဦးသေဆုံး
- Horizons News

- Jun 29
- 1 min read
ဇွန် ၂၉ | Horizons

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း တွမ်ဘလိန်း (Tomblaine) မြို့တွင် လေထီးခုန်သင်တန်းကျောင်းသုံး အပေါ့စားလေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်မှူး ၁ ဦး၊ လေထီးခုန်နည်းပြ ၅ ဦးနှင့် ပထမဆုံးအကြိမ် လေထီးခုန်ရန် လာရောက်သင်ကြားသည့် သူနာပြုသင်တန်းသူ ၅ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးစလုံး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ နံနက် ၁၁ နာရီခန့်တွင် လေယာဉ်သည် အပေါ်သို့ တက်နေစဉ် အင်ဂျင်အသံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မီးလောင်မှုမျိုး၊ ပေါက်ကွဲမှုမျိုး စသည့် မည်သည့် ပြဿနာလက္ခဏာကိုမျှ မမြင်ရဘဲ လေယာဉ်ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဤသို့ ရုတ်တရက် ဖြစ်ပွားသဖြင့် လေဆိပ်တွင် စောင့်ကြည့်နေကြသည့် သင်တန်းသားများ၏ မိသားစုဝင်များ ရှေ့မှာပင် လေယာဉ် ပျက်ကျသွားမှုကြောင့် ၎င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ရသည်။
အဆိုပါ လေယာဉ်သည် လူနေအိမ်များနှင့် စျေးဝယ်စင်တာတစ်ခုအနီးရှိ စက်ဘီးလမ်းပေါ်သို့ ဒေါင်လိုက်ထိုးဆင်းပျက်ကျခဲ့ခြင်းဖြစ်ပြီး မြေပြင်ရှိ ပြည်သူများအား ထိခိုက်မှု မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အာဏာပိုင်များ၏ အဆိုအရ ဤဖြစ်စဉ်သည် ပြင်သစ်နိုင်ငံ၌ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အပျော်တမ်းလေယာဉ် ပျက်ကျမှုများထဲတွင် သေဆုံးသူ အများဆုံး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံအာဏာပိုင်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များက အဆိုပါ လေယာဉ်ပျက်ကျရသည့် တိကျသော အကြောင်းရင်းကို သိရှိနိုင်ရန် အသေးစိတ် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ကိုးကား - Reuters
Photo - Reuters



Comments