ပြည်သူတွေ အသက်ပေးနေချိန်မှာ အကြောက်တရားအောက် ပုန်းအောင်းသွားခဲ့တဲ့ ကလောင်တံများ
- Horizons News

- Jun 21
- 2 min read
ဆောင်းပါး ၊ ဇွန် ၂၁ ၊ Horizons

ကျွန်တော်ဟာ တော်လှန်ရေးကို လုပ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းတွေမှာ စာရေးဆရာတွေ ဟောပြောချက်၊ ရေးသားချက်တွေလည်း ပါတယ်။
အခုဆိုရင်တော့ စာရေးဆရာမှန်သမျှကို "ကလုပ်တော်" နေတာ
ငါ မမှားသေးဘူး ....
တော်လှန်ရေး နိုင်လို့ အမိမြေ ပြန်တဲ့အခါ
တော်လှန်ရေးမှာ မပါခဲ့တဲ့ စာရေးဆရာတွေက စာအုပ်တွေ ထုတ်ဝေရင်
ဟောပြောပွဲတွေ လုပ်ရင်
" ခေတ်ဆိုးကြီးကို ကျော်ဖြတ်တုန်းက ခင်များတို့ မပါဝင်တဲ့အတွက် ဒီအကြောင်းတွေ ရေးဖို့/ပြောဖို့ ကိုယ့်လိပ်ပြာ ကိုယ့်လုံဖို့ လုံလောက်လား" ဆိုပြီး မေးခွန်းထုတ်မှာ ...
လွတ်လပ်ခွင့်ဆိုတာ တိုက်ယူတာ။
တိုက်ယူတုန်းက မပါဘဲ
ကိုယ့်ထမင်းစားဖို့ ကိုယ့်အကျိုးစီးပွားအတွက်
"နောင်လာနောင်သားတွေ သိဖို့" ဆိုတဲ့အကြောင်းပြချက်နဲ့
တိုက်ယူလို့ရတဲ့လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ခွင့် မပေးဘူး ...
ဘာလို့ဆိုရင် လွတ်လပ်ခွင့်ဆိုတာက တိုက်ယူရတဲ့အတွက် အဲဒီလွတ်လပ်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ်ထဲမှာ မပါဝင်ခဲ့တဲ့လူတွေရဲ့ ပြောဆိုလှုံ့ဆော်ချက်တွေဟာ အစစ်အမှန် ဖြစ်ဖို့ ခက်ခဲပါတယ်။
လွတ်လပ်ခွင့်ရဲ့အရသာ၊ အောင်ပွဲ၊ ပေးဆပ်အနစ်နာခံမှု၊ ဆုံးရှုံးမှုတွေဟာ လွတ်လပ်ခွင့်အတွက် တိုက်ယူခဲ့ရတဲ့လူတွေရဲ့ ပြောဆိုရေးသားချက်တွေဟာ လွတ်လပ်ခွင့်ကို မျက်ကွယ်ပြုခဲ့ကြတဲ့စာရေးဆရာတွေထက် ပိုသာနေမှာပါ။
ပိုပြီးတော့ အနှစ်သာရ ရှိနေမှာပါ ..
ဒါကြီး ပြီးသွားရင်
ငါတို့ဘက်မှာ သရုပ်ဆောင် လုပ်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်
ငါတို့ဘက်မှာ အစဉ်တစိုက် တော်လှန်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ရေးနေကြတဲ့လူတွေ ရှိတယ် ...
လွတ်လပ်ခွင့် ရတဲ့တစ်နေ့ လွတ်လပ်မှုအကြောင်းကို ရေးသားဖော်ပြတဲ့အခါ
တိုက်မယူခဲ့တဲ့စာရေးဆရာတွေကို ပတ်သက်ခွင့် မပေးဘူး...
ဒီမိုကရေစီဆိုပြီး လွတ်လပ်စွာရေးသားဖော်ပြခွင့်၊ ပုံနှိပ်ခွင့်ကို နှိုက်မယူကြနဲ့။
လွတ်လပ်ခွင့်ဆိုတာ လူတိုင်းနဲ့ ထိုက်တန်တယ်ဆိုပေမဲ့
အဲဒီလွတ်လပ်ခွင့်နဲ့ ထိုက်တန်တဲ့ အပြုအမူမျိုးကို ကိုယ့်ဘက်က လုပ်ခဲ့သလားဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခိုင်းပြီးမှ တန်တာကို ယူပါ ...
ဒီလိုမျိုး ကန့်ကွက်တာက ဒီမိုကရေစီရဲ့ စံနှုန်းနဲ့ မညီဘူးဆိုပေမဲ့
နိုင်ငံသားတစ်ယောက်က ကိုယ့်တိုင်းပြည်ထဲ ကိုယ့်နိုင်ငံသားမြောက်များစွာကို နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူနေအိမ်တွေကို မီးရှို့တာ၊ အရပ်သားပြည်သူထောင်ပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်၊ အကျဉ်းချတာတွေကို မျက်ကွယ်ပြုခဲ့တာက
နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ပျက်ကွက်ခဲ့တာ။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မျက်ကွယ်ပြုခဲ့တာ။
စာရေးဆရာတွေက အဲဒီတာဝန်တွေကို ပိုပျက်ကွက်ခဲ့ပါတယ် ...
ဒါကြောင့် လွတ်လပ်ခွင့်ရတဲ့တစ်နေ့
တော်လှန်ရေးကာလမှ ပေးဆပ်ခဲ့တဲ့ရဲဘော်တွေ၊ ပြည်သူတွေအကြောင်းကို
မျက်ကွယ်ပြုခဲ့တဲ့စာရေးဆရာတွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ အနုပညာတွေဟာ ကိုယ့်အကြောင်း ကိုယ့်သိပြီး ကိုယ့်ဂုဏ်သိက္ခာအတွက် ရှင်သန်ရပ်တည်ဖို့ပဲ တိုက်တွန်းပါတယ်။
ဒီစာကို ရေးသားရတာက ကိုယ့်ငယ်စဉ်ကတည်းက စာပေလောကနဲ့ နီးစပ်ခဲ့တဲ့အချိန်က ဒီမိုကရေစီတွေ ဖက်ဒရယ်တွေ စစ်အာဏာရှင်စနစ်အကြောင်းတွေကို ရေးသားဖော်ပြချက်တွေ၊ စာရေးဆရာတွေ၊ လူကြီးတွေရဲ့ပြောဆိုတာတွေ ကို နားထောင်ခဲ့ပေမယ့် ...
အခုလို ဖြစ်သွားတဲ့အချိန်မှာ လက်လှမ်းမီခဲ့တဲ့ စာရေးဆရာတွေဟာ
အကြောက်တရားကြောင့် သူတို့ရေးသားဖော်ပြခဲ့တဲ့ စနစ်တွေ၊ လွတ်လပ်ခွင့်တွေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ..
တစ်ချိန်က ကိုယ့်အထင်ကြီးခဲ့တဲ့သတင်းထောက် တစ်ချို့ ရှိခဲ့တယ်။ သူတို့ဟာ အခုချိန်မှာ စစ်အုပ်စုရဲ့အောက်မှာ သတင်းထောက်တွေ လုပ်နေကြတယ်။
သတင်းထောက်ဆိုတာက ဘယ်သူဆီလုပ်လုပ် သတင်းထောက် ဖြစ်တယ်ဆိုတာလား။ သတင်းထောက်ဆိုတာက တစ်ဖက်ခြမ်းက သာယာနေတာကို ဖော်ပြပြီး တစ်ဖက်ခြမ်းက ကမ္ဘာပျက်နေတာကို မျက်ကွယ်ပြုနေလို့ ရလား။
သတင်းထောက်ဆိုတာ သတင်းတွေကို လူထုဆီ ရောက်ရှိဖို့အတွက် သတင်းလွတ်လပ်ခွင့်ကို ဦးထိပ်ပန်ဆင်ရမှာမှတ်လား။
ကျွန်တော် ထင်တာက ဘယ်သူ့လက်အောက်နေနေ သတင်းလွတ်လပ်ခွင့်ဆိုတာက ကမ္ဘာတစ်ခြမ်းက သာယာနေတာကို ဖော်ပြပြီး ကမ္ဘာတစ်ခြမ်းက ကမ္ဘာပျက်နေတာကို မျက်ကွယ်ပြုခွင့် မရှိဘူးဆိုတာပါပဲ။
"မတရားမှုတွေ ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ သင်ဟာ ကြားနေဝါဒကို ကျင့်သုံးနေတယ်ဆိုရင်၊ သင်ဟာ ဖိနှိပ်သူရဲ့ဘက်ကို ရွေးချယ်လိုက်တာပါပဲ။ ဆင်တစ်ကောင်က ကြွက်တစ်ကောင်ရဲ့ အမြီးကို နင်းထားတဲ့အချိန်မှာ သင်က ကြားနေပါတယ်လို့ ပြောရင်တောင်၊ အဲဒီကြားနေမှုကို ကြွက်ကလေးက ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး။"
(Desmond Tutu — ဒက်စမွန်တူးတူး)
နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုရဲ့လုပ်ဆောင်ချက်တွေအပေါ် မိမိရဲ့အကြောက်တရားကြောင့် လွတ်လပ်ခွင့်ကို မျက်ကွယ်ပြုခဲ့တဲ့ စာရေးဆရာတွေကို ကျွန်တော် မျက်ကွယ်ပြုပါတယ် ….
လွတ်လပ်ခွင့်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေ နဲ့ ရဲဘော်တွေဟာ မိသားစုနဲ့ ရှင်လျက် ဝေးမှာဆိုးလို့၊ ပြန်မဆုံတော့မှာ ဆိုးလို့၊ အိုးအိမ်တွေ ပျက်စီးမှာ ဆိုးတာကို ကြောက်ရွံ့ကြပါတယ်။ ဒီအကြောက်တရားတွေထက် လွတ်လပ်ခွင့် ဆုံးရှုံးမှာ ပိုကြောက်ကြပါတယ်။
ဒီလွတ်လပ်ခွင့်ရဖို့ သူတို့ ရှင်ခြင်း/သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားခဲ့ကြတယ်။
ဒီလိုမျက်ကွယ်ပြုတာကလေ လွတ်လပ်ခွင့်တိုက်ပွဲအတွက် အသက်ခန္ဓာနဲ့ အိုးအိမ်စည်းစိမ်တွေ ပေးဆပ်ခဲ့ရတဲ့ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ သမိုင်းတွေကို ကာကွယ်ဖို့ပါပဲ ....
ဒီမိုကရေစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ စာပေလွတ်လပ်ခွင့်ဆိုတာက စာရေးဆရာတွေ နဲ့ သတင်းထောက်တွေက ပြည်သူအတွက် တိုက်ယူပေးရမယ့်အရာတွေပါ ...
"Our lives begin to end the day we become silent about things that matter."
(အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ကျွန်တော်တို့ နှုတ်ဆိတ်နေပြီဆိုကတည်းက၊ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ သေဆုံးဖို့ စတင်နေပါပြီ။) — Martin Luther King Jr.
ရေးသားသူ - သူပုန်လတ်
သရုပ်ဖော်ပုံ - ပါပီ



Comments