top of page
Logo-Icon.png

ပတ္တယားတွင် ၁၇ နှစ်အရွယ် မိန်းကလေးကို သတ်ပြီး ခရီးဆောင်သေတ္တာထဲထည့်ကာ ရထားလမ်းဘေး စွန့်ပစ်ခဲ့ကြောင်း သြစတြေးလျနိုင်ငံသား ဝန်ခံ

မဲဆောက် ၊ ဇွန် ၂၇ ၊ Horizons



ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းအား ခရီးဆောင်သေတ္တာအတွင်း ထည့်သွင်းပြီး မီးရထားလမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် အသက် ၄၆ နှစ်အရွယ် သြစတြေးလျနိုင်ငံသားက ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။


ငွေကြေးကိစ္စ စကားများရာမှတစ်ဆင့် လူသတ်မှုအထိ ကျူးလွန်ခဲ့ပြီးနောက် နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် သုဝဏ္ဏဘူမိလေဆိပ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 


သေဆုံးသူ ကာလာစင်ပြည်နယ်သူ မိန်းကလေး ထန်ချနော့ဒွန်ဟွမ်လော၏ ရုပ်အလောင်းကို အခင်းဖြစ်ပွားခဲ့သည်ဟု ယူဆရသော ဂျွန်တီယံလမ်းရှိ ကွန်ဒိုမှ ၄ ဒသမ ၂ ကီလိုမီတာခန့် ကွာဝေးသည့် ခေါင်မခေါင်ဒေသရှိ မီးရထားလမ်းဘေး မြက်ခင်းပြင်တွင် ခရီးဆောင်သေတ္တာအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။


ယနေ့နံနက် ၉ နာရီတွင် ပတ္တယားမြို့ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများက သံသယရှိသူ ဆိုင်မွန်ပီတာကားမန်းကို ထပ်မံစစ်ဆေးမေးမြန်းခဲ့ရာ၊ ၎င်းက သေဆုံးသူ မိန်းကလေးမှ ငွေပိုတောင်းရာမှ စတင်စကားများခဲ့ပြီး မိန်းကလေးက ဓားဖြင့် ၎င်း၏လည်ပင်းကို ထောက်ခဲ့သဖြင့် လုယက်ရုန်းကန်ရင်း ဓားကိုင်ထားသည့်လက်ကို ဖမ်းချုပ်ကာ လည်ပင်းညှစ်မိပြီး သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။



 ထို့နောက် ရုပ်အလောင်းကို ခရီးဆောင်သေတ္တာထဲထည့်၍ ရေချိုးခန်းထဲတွင် တစ်ရက်ကျော်ကြာထားရှိပြီးမှ မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်ကာ ယခုလို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သံသယရှိသူက သေဆုံးသူ၏ မိသားစုအား တောင်းပန်ကြောင်း ပြောဆိုခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ရင်း ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အခိုင်အမာ ထွက်ဆိုထားသည်။



လက်ရှိတွင် ရဲတပ်ဖွဲ့က ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ သံသယရှိသူ၏ လက်ဗွေရာများကို ရယူခဲ့ပြီး လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ အလောင်းကို ရွှေ့ပြောင်းစွန့်ပစ်မှုနှင့် အသက် ၁၅ နှစ်အထက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူကို မဖွယ်မရာ ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်မှု စသည့် ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် စွဲချက်တင်ထားသည်။ 


ထို့နောက် ၎င်းအား ပထမအကြိမ် အချုပ်ရမန်ယူရန်အတွက် ပတ္တယားခရိုင်တရားရုံးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။


Comments


bottom of page